ဇူလိုင်လ၌ စားအုန်းဆီကြမ်းတစ်တန်လျှင် ရင်းဂစ် ၄၆၅၀ နှုန်းအထိ ရောက်ရှိနိုင်ကြောင်း MPOC ခန့်မှန်း

Powered by Drupal

    ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ကုန်သွယ်ရောင်းဝယ်မှု ပုံသဏ္ဌာန် ပြောင်းလဲလာမှုနှင့်အတူ အယ်လ်နီညိုဖြစ်စဉ်၏ ဘေးအန္တရာယ်မြင့်မားလာမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ရောင်း လိုအား ကျပ်တည်းမည့် အလားအလာရှိနေပြီး စားအုန်းဆီကြမ်းတစ်တန်၏ ဈေးနှုန်းသည် ဇူလိုင် လတွင် ရင်းဂစ်ငွေ ၄၄၀၀ မှ ၄၆၅၀ အတွင်း အရောင်းအဝယ်ဖြစ်နိုင်သည်ဟု မလေးရှား စားအုန်း ဆီ ကောင်စီ (MPOC) က ဇွန် ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သည်။

    မလေးရှားနှင့် အင်ဒိုနီးရှားတို့ရှိ ဆီအုန်းစိုက်ခင်းများတွင် ဇွန်လအထိ အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်၏ သက်ရောက်မှုကို ကြုံတွေ့ရခြင်းမရှိသေးသော်လည်း ၎င်းဖြစ်စဉ်သည် ဇူလိုင်လ သို့မဟုတ် ဩဂုတ်လ၌ အားကောင်းစွာဖြင့် ပေါ်ပေါက်လာနိုင်ခြေရှိကြောင်း၊ အားကောင်းသော အယ်လ်နီညိုသည် အရှေ့တောင်အာရှဒေသ၊ ဩစတေးလျနှင့် အိန္ဒိယနိုင်ငံများ တစ်လျှောက် မိုးရွာ သွန်းမှုကို လျော့နည်းစေပြီး ရာသီဥတုခြောက်သွေ့မှုကို ဖြစ်စေနိုင်ကြောင်း၊ သို့သော် ဆီအုန်းသီးနှံ အထွက်ပမာဏနှင့် စားအုန်းဆီထုတ်လုပ်မှုတို့အပေါ် ၎င်း၏သက်ရောက်မှုမှာ ၉ လမှ ၁၂ လအထိ နောက်ကျပြီးမှသာ သိသာထင်ရှားမှု ရှိမည်ဖြစ်ကြောင်း၊ အဓိကဝယ်ယူတင်သွင်းသည့် ဈေးကွက် များတွင် စားသုံးဆီ သိုလှောင်မှုလက်ကျန် များပြားနေမှုအရ စားအုန်းဆီဈေးနှုန်း မြင့်တက်မှုသည် အကန့်အသတ်ဖြင့်သာ ရှိနိုင်ကြောင်း၊ ရုပ်ကြွင်းလောင်စာဆီ၏ ဈေးနှုန်းများသည် ကြိုတင် အရောင်းဈေးကွက်ရှိ စားအုန်းဆီဈေးနှုန်းများ၏အောက်သို့ လျော့နည်းကျဆင်းလာပြီဖြစ်၍ ဇီဝ ဒီဇယ်ဆီ ထုတ်လုပ်သုံးစွဲမည့် စီးပွားရေးကဏ္ဍမှာ မှေးမှိန်လာပြီဖြစ်ကြောင်း  MPOC ၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    ထို့အပြင် မြောက်အမေရိကဒေသထွက် စားသုံးဆီများကို ပိုမိုလိုလားမှုဖြစ်စေသော အမေရိ ကန်နိုင်ငံ၏ ဇီဝလောင်စာဆီ အစီအစဉ်နှင့် 45Z ဇီဝလောင်စာအခွန် ပေးဆောင်ရန် ဆိုင်းငံ့ခွင့် ကန့်သတ်ချက်များအရ ဇွန်လလယ်ပိုင်းတွင် အမေရိကန်ပဲပုပ်ဆီ၏ ဈေးနှုန်းသည် အာဂျင်တီးနား ပဲပုပ်ဆီထက် ပိုမိုမြင့်မားလျက် တစ်တန်လျှင် ဒေါ်လာ ၅၈၀ နှုန်းဖြင့် ပရီမီယံနှုန်းထားအဆင့်၌ ရောင်းဝယ်လျက်ရှိသည်။

    အမေရိကန်ပဲပုပ်ဆီ၏ ဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မတ်လမှစတင်၍ ပုံမှန်မဟုတ်သော ပရီမီယံနှုန်းထားသို့ မြင့်တက်လာခြင်းက ၎င်း၏ ပို့ကုန်ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကို သိသာစွာ ကျဆင်းစေလျက်ရှိသည်။ ထိုသို့ ဈေးနှုန်းဆက်လက်မြင့်မားနေပါက အမေရိကန်၏ ပဲပုပ်ဆီတင်ပို့ မှုမှာ ဆက်လက်လျော့နည်းနေမည်ဖြစ်ပြီး ကမ္ဘာ့စားသုံးဆီတင်သွင်းသူများကို တောင်အမေရိကရှိ ပေးသွင်းသူများထံ မှီခိုမှု ပိုမိုတိုးပွားလာစေမည်ဖြစ်ကြောင်း MPOC က ပြောဆိုထားသည်။

    မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ လအလိုက်နှိုင်းယှဉ်ပါက မေလတွင် ၆.၉ ရာခိုင်နှုန်း ကျဆင်းလျက် တန်ချိန် ၁.၅၁ သန်းသာရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဈေးနှုန်းပြောင်း လဲမှု နှေး‌ကွေးခြင်းကြောင့် မေလနှင့် ဇွန်လများတွင် ပြည်ပသို့ စားအုန်းဆီတင်ပို့မှု လျော့ကျလျက် ရှိနေခဲ့သည်။ သို့သော် ၂၀၂၆ ခုနှစ်အတွင်း ဇန်နဝါရီလမှ မေလအထိ စားအုန်းဆီတင်ပို့မှု စုစုပေါင်း သည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အဓိကအားဖြင့် အိန္ဒိယ၊ ကင်ညာနှင့် ဗီယက်နမ် နိုင်ငံများသို့ တင်ပို့မှုတိုးပွားလာခြင်းဖြစ်သည်။

    ဈေးနှုန်းများ ဖောင်းပွမှုဖြစ်ပေါ်နေချိန်၌ ကာလတိုအတွင်း စားသုံးမှုအားနည်းလျက်ရှိခြင်း ကြောင့် စားသုံးဆီ အဓိကတင်သွင်းသည့် နိုင်ငံများတွင် သိုလှောင်မှုလက်ကျန် ပမာဏသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်ဟု MPOC က ပြောဆိုထားသည်။ သို့ဖြစ်ရာ ဈေးကွက်နှစ်ရပ်လုံး ၌ ကုန်လက်ကျန်မြင့်တက်နေခြင်းသည် ယာယီအခိုက်အတန့်အားဖြင့် ကာလတိုတွင် စားအုန်းဆီ တင်သွင်းရန် ဝယ်လိုအားကို နှေးကွေးနေစေမည်ဖြစ်ပြီး ၎င်းအခြေအနေက စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ထားလိမ့်မည်ဖြစ်ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

Source: The Edge Malaysia, 19 June, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)