
ထိုင်းနိုင်ငံ ကတ်ဘိနက် သည် ထိုင်း-ဘူတန် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို အတည်ပြုခဲ့ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အသက်ဝင်နိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါသည်။ အစိုးရအဖွဲ့အစည်း အဝေးအပြီး ပြောကြားရာတွင် ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Lalida Persvivatana က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၈ အရ သဘောတူညီချက်အား လွှတ်တော်သို့ တင်ပြအတည်ပြုရယူရန် အစိုးရအဖွဲ့က သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနှင့် ဘူတန်တို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်တွင် အဆိုပါ FTA ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံမှုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ သဘောတူညီချက်တွင် အခန်း ၁၀ ခန်းနှင့် နောက်ဆက်တွဲ ၄ ခု ပါဝင်ကာ ကုန်သွယ်ရေး လွတ်လပ်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးအတားအဆီးလျှော့ချရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအတွက် အကျိုးရှိစေမည့် ရှင်းလင်းသော ကုန်သွယ်ရေးစည်းမျဉ်းများ ချမှတ်ရေးတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ဘူတန်နိုင်ငံ၏ Gelephu Mindfulness City အထူးအုပ်ချုပ်ရေးနှင့် စီးပွားရေးဇုန်သစ်ကိုလည်း သဘောတူညီချက်အတွင်း ထည့်သွင်းထားကြောင်း သိရပါသည်။ စျေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ကတိကဝတ်များအရ ဘူတန်နိုင်ငံသည် ထိုင်းကုန်ပစ္စည်းများအတွက် အခွန်နှုန်းထားစုစုပေါင်း၏ ၉၉.၈ ရာခိုင်နှုန်းကို ဖယ်ရှားပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံကလည်း ဘူတန်ကုန်ပစ္စည်းများ၏ ၉၄ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့် ပေးအပ်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ FTA ကြောင့် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များ၊ သစ်သီးခြောက်များ၊ သစ်သီးဖျော်ရည်များ၊ အသင့်စားဆန်ကြာဆံများ၊ ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ၊ အထည်အလိပ်နှင့် အဝတ်အထည်များ၊ ဓာတုပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ်ထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၏ ပို့ကုန်တင်ပို့မှု တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ တစ်ဖက်တွင်လည်း ထိုင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် ဘူတန်နိုင်ငံမှ သတ္တုတွင်းထွက်ပစ္စည်းများ၊ Cordyceps မှိုများ၊ Matsutake မှိုများနှင့် ပန်းသီးကဲ့သို့ အေးမြသောရာသီဥတုဒေသထွက် သစ်သီးများကို ကုန်ကြမ်းအရင်းအမြစ်အဖြစ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးသက်ရောက်မှု လေ့လာချက်များအရ အဆိုပါ FTA သည် ထိုင်းနိုင်ငံ၏ GDP ကို နှစ်စဉ် ၀.၀၂ မှ ၀.၀၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပြီး တန်ဖိုးအားဖြင့် ဘတ် ၄.၁၃ ဘီလီယံမှ ၄.၃၄ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရပါသည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ ဘူတန်သို့တင်ပို့မှုမှာ နှစ်စဉ် ၂၂၉ မှ ၂၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး တန်ဖိုးအားဖြင့် ဘတ် ၁၂.၄ ဘီလီယံမှ ၁၄.၄ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည်လည်း နှစ်စဉ် ၀.၀၅ မှ ၀.၀၆ ရာခိုင်နှုန်းခန့် တိုးလာနိုင်ပြီး ဘတ် ၁.၇၉ ဘီလီယံမှ ၁.၉၉ ဘီလီယံအထိ ရှိလာမည်ဟု သိရပါသည်။ အခွန်ဝင်ငွေ ဘတ် ၂၁၅,၆၉၆ ခန့် နှစ်စဉ်လျော့နည်းနိုင်သော်လည်း စီးပွားရေးအကျိုးကျေးဇူးများက အဆိုပါ ဆုံးရှုံးမှုထက် များစွာပိုမိုကြီးမားမည်ဖြစ်ကြောင်း Lalida က ပြောကြားခဲ့ပါသည်။ ၎င်းက FTA သည် တောင်အာရှဒေသရှိ ပို့ကုန်ဈေးကွက်အသစ်များ တိုးချဲ့နိုင်ရန် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးကာယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်ပေးမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ရေရှည်စီးပွားရေးဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေမည်ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် အစိုးရအဖွဲ့သည် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (ACFTA) ကို အဆင့်မြှင့်တင်ထားသည့် ACFTA 3.0 ဆိုင်ရာ ပရိုတိုကောကိုလည်း လွှတ်တော်သို့တင်ပြအတည်ပြုရယူရန် သဘောတူညီခဲ့ကြောင်း သိရပါ သည်။ ACFTA 3.0 ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး လွယ်ကူ ချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှု ထိရောက်မှု တိုးမြှင့်စေရန် ဖြစ်ကြောင်း သိရပါသည်။ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်ရှိ စျေးကွက် ဝင်ရောက်ခွင့် ကတိကဝတ်များမှာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်ပြီး အခွန်လျှော့ချမှုအသစ်များ သို့မဟုတ် စျေးကွက်ဖွင့်လှစ်မှုအသစ်များ မပါဝင်ကြောင်း သိရပါသည်။ သဘော တူညီချက်အရ အီလက်ထရွန်နစ်စနစ်များ အသုံးပြုမှုတိုးမြှင့်ခြင်း၊ သွင်းကုန်နှင့် ပို့ကုန်ဆိုင်ရာ အချက်အလက်များကို ပိုမိုပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းနှင့် ပျက်စီးလွယ်သော ကုန်ပစ္စည်းများကို ရောက်ရှိချိန်မှခြောက်နာရီအတွင်း အမြန်ရှင်းလင်းပေးခြင်းတို့အပါအဝင် အကောက်ခွန်နှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့ရေး လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားကြောင်း သိရပါ သည်။ ထို့ပြင် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ၊ သန့်ရှင်းရေးနှင့် အပင်-တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းများနှင့် စီးပွားရေး-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန် ပိုမိုခိုင်မာအောင် ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
