
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး အမျိုးသားအရန်ဆန်သိုလှောင်မှုကို ပိုင်ဆိုင်ထားပြီး ပြည်တွင်း၌ အစားအစာရှားပါးမှုဖြစ်ပေါ်ရန် အကြောင်းပြချက်မရှိကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ဇွန်လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လအစောပိုင်းတွင် အစိုးရ၏ ဆန်သိုလှောင်မှု ပမာဏသည် စံချိန်တင် တန်ချိန် ၅.၃ သန်းအထိ ရောက်ရှိလာခဲ့သဖြင့် နိုင်ငံ၏ သိုလှောင်ရုံများ ပြည့်လျှံနေကြောင်း သိရပါသည်။ ထိုသို့ ဆန်ပမာဏ အလွန်များပြားလာခြင်းကြောင့် အစိုးရသည် နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Bulog ၏ ပုံမှန်သိုလှောင်နိုင်စွမ်း တန်ချိန် ၃ သန်းထက် ကျော်လွန်သည့် တန်ချိန် ၂.၃ သန်းအတွက် ပြင်ပသိုလှောင်ရုံများ ငှားရမ်းထားရကြောင်း သိရပါသည်။ Amran ကဆန်ပေါများစွာရှိနေသည့်အတွက် ၎င်းတို့၏ သိုလှောင်ရုံအားလုံး ပြည့်နေကြောင်း၊ ၎င်းသည် အင်ဒိုနီးရှား လွတ်လပ်ရေးရပြီးချိန်မှစ၍ အမြင့်ဆုံးဆန်လက်ကျန်ပမာဏဖြစ်ကြောင်း၊ ဈေးကွက်အတွင်း အတုအယောင်ရှားပါးမှုများဖန်တီးခြင်းနှင့် ဈေးနှုန်းကစားမှုများကို တားဆီးနိုင်ရန်အတွက် အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့၏ အစားအစာ စောင့်ကြည့်ရေးအဖွဲ့ Satgas Pangan နှင့် အထူးရာဇဝတ်မှု စုံစမ်းရေးဌာနများအား ဈေးကွက်စောင့်ကြည့်မှုများ ပြုလုပ်ကာ ဥပဒေအရအရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှား၏ စိုက်ပျိုးရေးထွက်ကုန် မြင့်မားမှုကို အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) က ၂၀၂၆ ခုနှစ် မေလတွင် ထုတ်ပြန်သည့် Rice Outlook အစီရင်ခံစာတွင်လည်း ထင်ဟပ်ဖော်ပြထားကြောင်း သိရပါသည်။ USDA သည် ၂၀၂၅-၂၀၂၆ ကာလအတွက် ကမ္ဘာလုံးဆိုင်ရာ ဆန်ထုတ်လုပ်မှု ခန့်မှန်းချက်ကို ဧပြီလက တန်ချိန် ၅၄၁.၃ သန်းမှ မေလတွင် တန်ချိန် ၅၄၂.၈ သန်းအထိ တိုးမြှင့်ပြင်ဆင်ခဲ့ပြီး တန်ချိန် ၁.၅ သန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အဆိုပါ တိုးတက်မှုတွင် အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်နှင့် ဗီယက်နမ်နိုင်ငံများက အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ၎င်းတို့အနက် အင်ဒိုနီးရှားသည် နှစ်စဉ် ဆန်ထုတ်လုပ်မှု တန်ချိန် သန်း ၃၀ ကျော်ဖြင့် အများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ဖော်ပြထားပါသည်။ နှိုင်းယှဉ်ပါက ဗီယက်နမ်၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၂၆.၂ သန်း၊ နိုင်ဂျီးရီးယားမှာ ၅.၉ သန်း နှင့် အိုင်ဗရီကို့စ်မှာ ၁.၇ သန်း အသီးသီး ရှိကြောင်း သိရပါသည်။ ထို့ပြင် စားသုံးသူများအတွက် ဆန်ရရှိနိုင်မှုတည်ငြိမ်စေရန် အမျိုးသားအစားအစာအေဂျင်စီ Bapanas ၏ အစားအစာရရှိနိုင်မှုနှင့် တည်ငြိမ်ရေးဆိုင်ရာ ဒုတိယအကြီးအကဲI Gusti Ketut Astawa က Bulog အား ၎င်း၏ ပရီမီယံဆန်အမှတ်တံဆိပ်များဖြစ်သော Befood၊ Punokawan နှင့် Setra Ramos တို့ကို အသုံးပြုကာ ခေတ်မီလက်လီဈေးကွက်များတွင်တွေ့ရှိရသည့် ဒေသအလိုက် ထောက်ပံ့မှုကွာဟချက်များကို ဖြည့်ဆည်းပေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Astawa က မြေပြင်ကို သွားရောက်စစ်ဆေးသည့်အခါ ခေတ်မီလက်လီဆိုင်တချို့တွင် ဆန်ထောက်ပံ့မှု လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ Bulog သည် Befood၊ Punokawan နှင့် Setra Ramos ကဲ့သို့သောကုန်သွယ်ရေးအမှတ်တံဆိပ်များကိုအသုံးပြုပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Bapanas ၏ ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့အထိ အချက်အလက်များအရ Bulog ၏ စီးပွားရေးဆန်လက်ကျန် ပမာဏမှာ တန်ချိန် ၁၁,၄၀၀ ရှိပြီး လက်ရှိဆောင်ရွက်နေသည့် စီးပွားရေးဆိုင်ရာဝယ်ယူမှု ပမာဏမှာ တန်ချိန် ၄၅,၅၀၀၀ အထိ ရောက်ရှိနေကြောင်း သိရပါသည်။ ၎င်းသည် စုစုပေါင်း ဝယ်ယူရေးအစီအစဉ် တန်ချိန် ၃.၁ သန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Bapanas က ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
