ယခုနှစ် ပထမ ၅ လအတွင်း ဆန်နှင့်စပါးတင်ပို့မှုမှ ဒေါ်လာသန်း ၉၀၀ ကျော် ကမ္ဘောဒီးယားရရှိ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးကဏ္ဍသည် ၂၀၂၆ ခုနှစ် ပထမ ၅ လပတ်အတွင်း ဆန်နှင့် စပါး အများအပြား တင်ပို့နိုင်ခဲ့မှုကြောင့် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၉၀၀ ကျော်အထိ ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအဖွဲ့ချုပ် (CRF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

    သောကြာနေ့က ထုတ်ပြန်ခဲ့သည့် CRF ၏ အချက်အလက်များအရ ကမ္ဘောဒီးယားနိုင်ငံ သည် နိုင်ငံတကာ စျေးကွက်များသို့ ဆန်ချောတန်ချိန် ၅၆၈,၉၁၂ တင်ပို့ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်အလားတူကာလက တင်ပို့ခဲ့သည့် တန်ချိန် ၃၄၄,၁၉၉ နှင့် နှိုင်းယှဉ်ပါက ၆၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ ယင်းသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၇ သန်း ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ရရှိခဲ့သော ဒေါ်လာ ၂၅၂.၃ သန်းနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း တိုးတက် လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံး စျေးကွက်ဖြစ်ပြီး တန်ချိန် ၂၀၈,၅၉၃ တင်ပို့မှုမှ ဒေါ်လာ ၈၇ သန်း ရရှိခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသို့ တန်ချိန် ၁၆၂,၁၂၅ (ဒေါ်လာ ၉၄ သန်း) နှင့် ဥရောပသမဂ္ဂ (EU) စျေးကွက်သို့ တန်ချိန် ၁၅၄,၂၅၄ (ဒေါ်လာ ၁၀၅ သန်း) အသီးသီး တင်ပို့နိုင်ခဲ့သည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ အခြားသောဒေသများသို့လည်း အမေရိကန်ဒေါ်လာ ၄၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၄၃,၉၄၀ တင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆန်စပါးကဏ္ဍဆိုင်ရာ အစီရင်ခံစာများအရ ပို့ကုန်ကဏ္ဍတွင် အဆင့်မြင့်ဆန် (Premium) အမျိုးအစားများက အဓိကနေရာယူထားပြီး ယင်းမှာ တန်ဖိုးမြင့် စိုက်ပျိုးရေးကုန်အမှတ်တံဆိပ် အဖြစ် ပြောင်းလဲရန် ကမ္ဘောဒီးယား၏ မဟာဗျူဟာမြောက် ကြိုးပမ်းမှုကို ဖော်ပြနေသည်။ CRF ၏ အဆိုအရ ဆန်မွှေးအမျိုးအစားသည် စုစုပေါင်း ဆန်ချောတင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းနီးပါး ရှိပြီး ဆန်ဖြူ အမျိုးအစားမှာ ၂၂ ရာခိုင်နှုန်းနှင့် ဆန်ကွဲ အမျိုးအစားမှာ ၁၅ ရာခိုင်နှုန်း အသီးသီး ရှိ ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် ဗီယက်နမ်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၅၉၁ သန်း တန်ဖိုးရှိ စပါး တန်ချိန် ၂.၇၅ သန်းခန့် တင်ပို့ခဲ့သည်။

     ယခုကဲ့သို့ ကောင်းမွန်သော ရလဒ်များကြောင့် တစ်နှစ်လျှင် ဆန်ချောတန်ချိန် တစ်သန်း တင်ပို့နိုင်ရန် ကမ္ဘောဒီးယား၏ ရေရှည်ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင် လိမ့်မည်ဟု မိမိတို့ ယုံကြည်ကြောင်း CRF က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ဆန်စပါး အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး Lun Yeng က ယခုနှစ်အစတွင် အားကောင်းသော ရလဒ် များ ရရှိခဲ့ခြင်းမှာ ကဏ္ဍအလိုက် အစိုးရ၏ အချိန်မီ ပံ့ပိုးကူညီမှုများကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

    "အစိုးရအနေနဲ့ ပြည်တွင်း ဆန်စက်တွေကို အရေးပေါ် ဘဏ္ဍာရေး အကူအညီတွေ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စပါးရိတ်သိမ်းမှု အများဆုံးရာသီမှာ စက်ပိုင်ရှင်တွေအနေနဲ့ လယ်သမား တွေဆီကနေ စပါးကို တိုက်ရိုက် ဝယ်ယူနိုင်ခဲ့ပါတယ်" ဟု ၎င်းက Khmer Times သတင်းစာသို့ ပြောကြားခဲ့သည်။ ထို့ပြင် CRF တာဝန်ရှိသူများက မိမိတို့၏ ရိုးရာစျေးကွက်များ အပြင် အခြားသော ပို့ကုန်စျေးကွက်အသစ်များကို ရှာဖွေချဲ့ထွင်ရန် ကြိုးပမ်းနေမှုကိုလည်း အလေးပေး ပြောကြားသွားခဲ့သည်။

    ပို့ကုန်တင်ပို့သူများသည် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် သီးခြားကျွန်းနိုင်ငံများ၏ စျေးကွက် များသို့ ထိုးဖောက်ဝင်ရောက်လျက် ရှိကြသည်။ ယခုကဲ့သို့ စျေးကွက်ကို အမျိုးမျိုး ခွဲခြားကာ ရှာဖွေ ချဲ့ထွင်ခြင်းက ဥရောပနှင့် တရုတ်နိုင်ငံကဲ့သို့သော ဒေသကြီးများ၏ ပြောင်းလဲနေသည့် သွင်းကုန် ခွဲတမ်း (Import Quotas) ဒဏ်မှ ပြည်တွင်းဆန်စက်ပိုင်ရှင်များကို ကာကွယ်ပေးရာတွင် အထောက် အကူဖြစ်စေခဲ့သည်။

Source : Khmer Times, 8 June 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)