
ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် မငြိမ်မသက်ဖြစ်နေသော ငွေလဲလှယ်နှုန်းများ ရှိနေလင့်ကစား ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၎င်း၏အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သဖြင့် နိုင်ငံအတွက် လေးနှစ်ကျော်ကာလအတွင်း အကောင်းဆုံးသော လေးလတာ ပို့ကုန်စွမ်းဆောင်ရည်ကို ရရှိစေခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (DTI) က ပြောကြားခဲ့ကြောင်း သိရပါသည်။
ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အကြိုအချက်အလက်များကို ကိုးကား၍ DTI က ပြောကြားရာတွင် ဧပြီလ၌ ပို့ကုန်ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၇.၂၁ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ နောက်ဆုံးရရှိသော ကိန်းဂဏန်းများအရ ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၁၆ လဆက်တိုက် တိုးတက်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ဇန်နဝါရီလမှ ဧပြီလအထိ ပို့ကုန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၉.၉၃ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ခဲ့သည့် ဒေါ်လာ ၂၆.၉၃ ဘီလီယံထက် ပိုမိုမြင့်မားခဲ့ကြောင်း သိရပါသည်။
ဖိလစ်ပိုင်အစိုးရအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ရန်အတွက် ကုန်ထုတ်လုပ်ငန်းများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေစဉ်အတွင်း ပို့ကုန်စွမ်းဆောင်ရည်၌ အရှိန်အဟုန် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း ကုန်သွယ်ရေး အတွင်းရေးမှူး Cristina Roque က ပြောကြားခဲ့ပါသည်။ အီလက်ထရွန်နစ် ထုတ်ကုန်များသည် ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ပို့ကုန်ရရှိငွေ စုစုပေါင်း၏ ၄၇.၇ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃.၄၄ ဘီလီယံကို ရှာဖွေပေးခဲ့ကြောင်း သိရပါသည်။
ဉာဏ်ရည်တု (AI) နှင့် Internet of Things (IoT) ကဲ့သို့သော ပေါ်ထွက်လာသည့် နည်းပညာများတွင် အသုံးပြုသည့် လူသုံးအီလက်ထရွန်နစ်ပစ္စည်းများ၊ ဆက်သွယ်ရေးနှင့် ရုံးသုံးပစ္စည်းကိရိယာများအတွက် ဝယ်လိုအားများက ယင်းကဏ္ဍကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း DTI မှ ပြောကြားချက်အရ သိရပါသည်။
အခြားသော အဓိကပံ့ပိုးပေးသည့် ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၄၅၈.၉၅ သန်းရှိသည့် တွင်းထွက်ထုတ်ကုန်များနှင့် အမေရိကန်ဒေါ်လာ ၄၂၃.၃၆ သန်းရှိသည့် စက်ယန္တရားနှင့် သယ်ယူပို့ဆောင်ရေးပစ္စည်းကိရိယာများ ပါဝင်နေကြောင်း သိရပါသည်။ အဆိုပါကဏ္ဍသည် ကုန်စည်အုပ်စုများအနက် နှစ်အလိုက် တိုးတက်မှုနှုန်း အမြင့်မားဆုံးဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် အုန်းဆီနှင့် အခြားတွင်းထွက်ထုတ်ကုန်များက အစဉ်လိုက်ရပ်တည်နေကြောင်း DTI က ပြောကြားခဲ့ပါသည်။
အုန်းသီးအခြေခံထုတ်ကုန်များသည်လည်း အစားအစာပါဝင်ပစ္စည်းများနှင့် အပင်အခြေခံ အစားထိုးပစ္စည်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကြောင့် အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်း အဆိုပါအေဂျင်စီမှ ပြောကြားချက်များအရ သိရပါသည်။
အမေရိကန်ပြည်ထောင်စုသည် ဧပြီလတွင် နိုင်ငံ၏ ထိပ်တန်းပို့ကုန်ဦးတည်ရာအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းပို့ကုန်၏ ၁၈ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁.၃၀ ဘီလီယံအထိရှိခဲ့ကြောင်း သိရပါသည်။ ယင်း၏နောက်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၉၂၆.၆၆ သန်း၊ ဂျပန်နိုင်ငံက ဒေါ်လာ ၉၁၄.၆၄ သန်း၊ ဟောင်ကောင်က ဒေါ်လာ ၉၁၄.၅၉ သန်းနှင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၃၃၂.၇၅ သန်းတို့ဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ပို့ကုန်တင်ပို့ခဲ့ကြောင်း သိရပါသည်။
တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် DTI ၏ ပို့ကုန်စျေးကွက် မြှင့်တင်ရေးဗျူရိုသည် ရေရှည်တည်တံ့ခိုင်မြဲမှု၊ အရင်းအမြစ် နောက်ကြောင်းခံလိုက်နိုင်မှု (traceability)၊ အမျိုးသမီးများကို ဦးတည်သည့် ပို့ကုန်အဆင်သင့်ဖြစ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ အကောက်ခွန်နှင့် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ဟာလာလ် (Halal) လက်မှတ်ရရှိရေး ကူညီပံ့ပိုးမှု၊ ကုန်သွယ်မှုပြပွဲများ၊ စီးပွားရေးလုပ်ငန်း အပြန်အလှန်ချိတ်ဆက်ပေးမှုများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှုများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) စျေးကွက်အသစ်များသို့ ဝင်ရောက်နိုင်ရန် ကူညီပေးနေကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
သို့သော်လည်း အရှေ့အလယ်ပိုင်းတင်းမာမှုများ၊ ရေနံထောက်ပံ့မှုအပေါ် ဖိအားပေးမှုများ၊ ငွေကြေးမငြိမ်မသက်ဖြစ်မှုများနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်ကုန်ကြမ်းများအပေါ် မှီခိုနေရခြင်းအပါအဝင် ပြင်ပအန္တရာယ်များ ဆက်လက်ရှိနေသေးကြောင်း DTI မှ ပြောကြားချက်များအရ သိရှိရပါသည်။
Source: Philstar
DOCA (ရန်ကုန်)
