အိန္ဒိယနိုင်ငံတွင် အထည်အလိပ်တင်ပို့သူများကို အကူအညီဖြစ်စေရန် ဝါဂွမ်းတင်သွင်းခွန်ကို ငါးလကြာ ပယ်ဖျက်

Powered by Drupal

     အိန္ဒိယနိုင်ငံသည် ဝါဂွမ်းတင်သွင်းမှုအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်များကို ငါးလကြာ ပယ်ဖျက်ပေးလိုက်ကြောင်း အစိုးရက စနေနေ့တွင် ပြောကြားခဲ့သည်။ ယင်းသို့ပြုလုပ်ခြင်းသည် အညစ်အကြေးကင်းစင်သော သဘာဝအမျှင်ဓာတ် (contamination-free natural fibre) ထောက်ပံ့မှုကို မြှင့်တင်ရန်ဖြစ်ပြီး ချည်မျှင်အတွက် နိုင်ငံရပ်ခြားဝယ်လိုအား အားကောင်းနေချိန် တွင် အထည်အလိပ် တင်ပို့သူများကို အထောက်အကူပြုရန် ရည်ရွယ်သည်။

    ကမ္ဘာ့ဒုတိယအကြီးဆုံး ချည်ထုတ်လုပ်သူ၏ သွင်းကုန်ကန့်သတ်ချက်များ လျှော့ပေါ့မှုသည် ကမ္ဘာ့စျေးနှုန်းများကို အထောက်အကူဖြစ်စေနိုင်သော်လည်း
ရူပီးငွေတန်ဖိုးကျဆင်းမှုကြောင့် သွင်းကုန်ဝါဂွမ်းဈေးသည် ပြည်တွင်းထွက်ကုန်များထက် အနည်းငယ်ဈေးပိုကြီးသဖြင့် ဝယ်ယူမှုများ ရုတ်တရက်မြင့်တက်လာနိုင်ခြေမရှိကြောင်း သိရသည်။

    လက်ရှိ ၁၁% သော တင်သွင်းခွန်ကို အောက်တိုဘာ ၃၀ ရက်အထိ ဆိုင်းငံ့ထားမည်ဟု အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရန်စစ်ပွဲကြောင့်
ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက် နေချိန်တွင် အိန္ဒိယ၏အထည်အလိပ်ကဏ္ဍသည်လည်း အခြားကဏ္ဍများကဲ့သို့ပင် သွင်းအားစုကုန်ကျ စရိတ်များ မြင့်တက်ခြင်းဒဏ်ကို ခံနေရသည်။

    ဤအစီအမံသည် ဝါဂွမ်းရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေခြင်းဖြင့် အထူးသဖြင့် အသေးစားနှင့် အလတ်စား ကုမ္ပဏီများကို အထောက်အကူပြုနိုင်မည်ဟု အစိုးရက ဆိုသည်။ သို့ရာတွင် စက်မှု လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက လက်ရှိတွင် အိန္ဒိယဝါဂွမ်းသည် ကမ္ဘာပေါ်တွင် ဈေးအသက် သာဆုံးဖြစ်ပြီး ယခုနှစ်သီးနှံမှ ဝါဂွမ်းအလုံအလောက် ပြည်တွင်း၌ ရှိနေသောကြောင့် တင်သွင်းမှုကို ကန့်သတ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

     လက်ရှိဈေးနှုန်းများအရ သွင်းကုန်များမှာ တွက်ချေကိုက်မှုမရှိနိုင်ကြောင်း အိန္ဒိယဝါဂွမ်း အသင်းဥက္ကဋ္ဌက ရိုက်တာသို့ ပြောကြားခဲ့သည်။ နိုင်ငံခြားသို့
အဓိကတင်ပို့သည့် စက်ရုံများအနေ ဖြင့် အရည်အသွေးပြည့်မီရန်အတွက် ညစ်ညမ်းမှုကင်းသည့် ဝါဂွမ်းများကို လိုအပ်ပြီး အဆိုပါ လိုအပ်ချက်အတိုင်း ဖြစ်စေရန် အခွန်ကင်းလွတ်ခွင့် ပေးထားသည့်ကာလအတွင်း ဝါဂွမ်းထုပ်ရေ ၆ သိန်းခန့် ပြည်ပကနေ တင်သွင်းလာနိုင်ကြောင်း သိရသည်။

   အဆိုပါဝါဂွမ်းကို အထွက်နှုန်းပိုလျှံသည့် ဩစတြေးလျ၊ ဘရာဇီး၊ အမေရိကန်နှင့် အာဖရိကနိုင်ငံတို့မှ ရရှိနိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။ အိန္ဒိယသည် ယခင်နှစ်က သြဂုတ်လလယ်မှ ဒီဇင်ဘာလကုန်အထိ အကောက်ခွန်ကင်းလွတ်သော ဝါဂွမ်းတင်သွင်း ခွင့်ကို ခွင့်ပြုခဲ့ပြီး ၎င်းမှတစ်ဆင့် ယခုစျေးကွက်နှစ် (ပြီးခဲ့သော အောက်တိုဘာ ၁ ရက်မှစတင်) တွင် တင်သွင်းမှုမှာ ဝါဂွမ်းထုပ်ရေ ၄.၇ သန်းအထိ စံချိန်တင်မြင့်မားလာခဲ့သည်။

       အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းကို မိုးရေချိန် အားထားရသောဒေသများ၌အဓိကစိုက်ပျိုးပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးဦးမိုးနှောင်း ရွာသွန်းမှု
အနှောင့်အယှက်ဖြစ်ပေါ်ပါက ဇွန် လမှစတင်၍ စိုက်ပျိုးမည့် သီးနှံအသစ်၏အထွက်နှုန်းကို လျော့ကျစေနိုင်ပြီး ပြည်ပမှ တင်သွင်း လိုသည့် ဝယ်လိုအားကို
မြင့်တက်စေနိုင်ကြောင်း၊ အဆိုပါအခြေအနေမျိုးတွင် အစိုးရအနေဖြင့် ယခင်နှစ် ဆောင်ရွက်ခဲ့သည့်အတိုင်း အောက်တိုဘာလနောက်ပိုင်းအထိ အကောက်ခွန်ကင်းလွတ်ခွင့်ကို သက်တမ်းတိုးနိုင်ကြောင်း နယူးဒေလီအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းတစ်ခုမှ အရောင်းကိုယ်စားလှယ်တစ်ဦးက
ပြောကြားခဲ့သည်။

Source: Reuters, 31 May 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)