ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်ခြင်း၊ အင်ဒိုနီးရှားတွင် စားအုန်းဆီ အချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) ထုတ်လုပ်မည့်အစီအစဉ်နှင့်
စားအုန်းဆီအဓိကထုတ်လုပ်သည့် နိုင်ငံ များတွင် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်မှု အလားအလာတို့ကြောင့် ၂၀၂၆ ခုနှစ် ဒုတိယ ၆ လ အတွင်း ကမ္ဘာ့စားအုန်းဆီကြမ်း(CPO) ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ အထိ မြင့်တက်ဖွယ်ရှိကြောင်း စားအုန်းဆီဆိုင်ရာလေ့လာသူများက ခန့်မှန်းထားသည်ကို Jakarta Globe သတင်းဌာနက ဇွန်လ ၂ ရက်တွင် ဖော်ပြထားသည်။
စားအုန်းဆီ ဈေးကွက်တွင် ဈေးနှုန်းအတက်အကျများဖြစ်ပေါ်လျက်ရှိသော်လည်း စားအုန်းဆီ ရောင်းလိုအား အဟန့်အတားရှိနိုင်ခြင်းနှင့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်မှု ပိုမိုအားကောင်းလာ ခြင်းတို့က ယခုနှစ်ကုန်ပိုင်းအထိ စားအုန်းဆီ ဈေးနှုန်းကို အထောက်အကူပြုနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။
စားအုန်းဆီဆိုင်ရာ မဟာဗျူဟာမြောက် မူဝါဒလေ့လာရေးအဖွဲ့ (Paspi) မှ ဦးဆောင်ညွှန်ကြားရေးမှူး Tungkot Sipayung က စားအုန်းဆီဈေးနှုန်းသည်
ကမ္ဘာ့စွမ်းအင် ဈေးကွက်တိုးတက်မှုများ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ပထဝီနိုင်ငံရေးတင်းမာမှုများကြား ဈေးနှုန်းမြင့်တက်လာသည့်
ရေနံနှင့်ပိုမိုဆက်စပ်နေပါကြောင်း၊ နိုင်ငံတကာ စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းသည် ရေနံဈေးနှုန်း မည်မျှထိ မြင့်တက်နိုင်မည်ဆိုသော အခြေအနေအပေါ် မူ
တည်နေပါကြောင်း၊ အကယ်၍ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခပြီးဆုံးသွားပြီးနောက်ပိုင်းတွင်လည်း ရေနံအပြည့်အဝ ထုတ်လုပ်နိုင်ရေးအတွက် ပျက်စီးသွားသည့် အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်းကို အချိန်ယူဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်က ယခု ၂၀၂၆ ခုနှစ်တွင် ရေနံတစ်စည် ပျမ်းမျှဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၈၆ ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းခန့်မှန်းချက်ပမာဏသည်
ယခင် ၂၀၂၅ ခုနှစ် ရေနံ တစ်စည် ပျမ်းမျှဈေးနှုန်း ၆၉ ဒေါ်လာထက် ပိုမိုခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အင်ဒို နီးရှားအစိုးရ၏ ၂၀၂၆ ခုနှစ်၊
ဇူလိုင်လ ၁ ရက်တွင် စတင်ထုတ်လုပ်မည်ဖြစ်သော ဇီဝဒီဇယ်ဆီ B50 အကောင်အထည်ဖော်ရေးအစီအစဉ်က စားအုန်းဆီ ရောင်းလိုအားကို တင်းကျပ်စေမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒကြောင့် ကမ္ဘာ့အများဆုံး စားအုန်းဆီထုတ်လုပ်သူနိုင်ငံက ပြည်တွင်း စားအုန်းဆီ အသုံးပြုမှုပမာဏ ပိုမိုမြင့်တက်လာစေပြီး စားအုန်းဆီ တင်ပို့မှုလျှော့ချနိုင်မှု အလားအလာရှိလာနိုင်ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ် နိုင်မှုအခြေအနေခန့်မှန်းချက်က စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများတွင် ထုတ်လုပ်မှုကဏ္ဍအပေါ် ဖိအားဖြစ်စေပြီး ဈေးနှုန်းကို အထောက်အကူပြုစေလျက်ရှိသည်။ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ပုံမှန်အားဖြင့် စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများတွင် ရောင်းလိုအား ကျဆင်းလေ့ရှိကြောင်း၊ နိုင်ငံတကာ စားအုန်းဆီကြမ်းဈေးနှုန်းသည် ယခုနှစ် နှစ်ကုန်အတွင်း
တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ထိ ရောက်ရှိလာနိုင်ကြောင်း စားအုန်းဆီဆိုင်ရာ မဟာဗျူဟာမြောက် မူဝါဒလေ့လာရေးအဖွဲ့ (Paspi) မှ ဦးဆောင် ညွှန်ကြားရေးမှူး Tungkot Sipayung က ဆက်လက်ပြောကြားသည်။
နောက်ပိုင်းကာလများတွင် ရေနံဈေးနှုန်း ပုံမှန်အခြေအနေသို့ ရောက်ရှိလာခြင်း၊ ဝယ်ယူသူများက ကုန်ကျစရိတ်မြင့်မားသော စားအုန်းဆီကို
ထိန်းညှိဝယ်ယူမှုပြုလုပ်လာခြင်းနှင့် ဝယ်လိုအား လျော့ကျလာခြင်း စသည်တို့ကြောင့် လက်ရှိ စားအုန်းဆီဈေးနှုန်း အားကောင်းနေမှုသည် ၂၀၂၆ ခုနှစ် အလွန်တွင် ဆက်လက်ဖြစ်ပေါ်နိုင်ခြေမရှိနိုင်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာ့ရေနံ ဈေးနှုန်းကျဆင်းလာသည့်အတွက် စားအုန်းဆီ ဈေးနှုန်းများကပါ တဖြည်းဖြည်း လိုက်ပါထိန်းညှိလာပါကြောင်း၊ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စားသုံးသူများက ဝယ်ယူမှု တဖြည်းဖြည်း လျှော့ချလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ဘဏ်က ကမ္ဘာ့စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်းကို ၂၀၂၅ ခုနှစ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၇ ထိရှိခဲ့သည့်အပေါ် ၂၀၂၆ ခုနှစ်အတွက် တစ်တန်ပျမ်းမျှ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၁၀၈၉ ခန့်ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ် ပထမ ၃ လပတ်တွင်ပင် စားအုန်းဆီကြမ်း တစ်တန် ပျမ်းမျှ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၀၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ဧပြီလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၄၈ ထိ မြင့်တက်လာခဲ့သည်။
အင်ဒိုနီးရှား စားအုန်းဆီ အသင်း၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကြား စားအုန်းဆီကြမ်း တစ်တန် CIF ဈေးနှုန်း (နယ်သာလန်နိုင်ငံ၊ Rotterdam ဆိပ်ကမ်း အရောက်)မှာ အမေရိကန်ဒေါ်လာ ၁၃၅၆ ဖြစ်ရာ ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ် CIF တစ်တန်ဈေးနှုန်းမှာ
အမေရိကန်ဒေါ်လာ ၁၂၃၀ သာရှိခဲ့ကြောင်း သိရှိရသည်။
အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်စည်းကြပ်ခွန်များတွက်ချက်ရာတွင် အသုံးပြုသည့်ရည်ညွှန်းဈေးနှုန်းကို ၂၀၂၆ ခုနှစ် ဇွန်လအတွက်
လျှော့ချသတ်မှတ်ထားပါကြောင်း၊ စားအုန်းဆီကြမ်း (CPO) ရည်ညွှန်းဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၂၉.၅၁ သတ်မှတ်ထုတ်ပြန်ရာ မေလ ရည်ညွှန်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၄၉.၅၈ ထက် ၁.၉ % လျှော့ချထားကြောင်း ဖော်ပြပါရှိပါသည်။ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Tommy Andana က အဓိကဝယ်ယူတင်သွင်းသူနိုင်ငံများ အထူးသဖြင့် အိန္ဒိယ၏ ဝယ်လိုအား လျော့နည်းကျဆင်းလာကြောင်း ပြောကြားထားသည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် စားအုန်းဆီအပါအဝင် မဟာဗျူဟာမြောက် ပို့ကုန်အမယ်များ၏ ပို့ကုန်လုပ်ငန်းများကို နိုင်ငံတော်ပိုင် Danantara Sumberdaya Indonesia (DSI) ကုမ္ပဏီက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ DSI ကုမ္ပဏီက မဟာဗျူဟာမြောက် သဘာဝ အရင်းအမြစ်များအတွက် single-gate ပို့ကုန်စနစ်လုပ်ငန်းများကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အပြည့်အဝ စတင်လည်ပတ်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် မလေးရှား ကျေးလက်ဒေသဖွံ့ဖြိုးရေးအင်ဂျင်စီကို အဓိက အရေးပါသော စိုက်ပျိုးစီးပွားရေး ပူးပေါင်းအဖွဲ့တစ်ခုအဖြစ် ပြောင်းလဲပေးသည့် မလေးရှားနိုင်ငံ မြေအသုံးချမှု ဖွံ့ဖြိုးရေးအာဏာပိုင် (FELDA) ထံမှ သင်ခန်းစာများ ရယူဆောင်ရွက်သင့်ကြောင်း၊ DSI ကုမ္ပဏီ၏ အခန်းကဏ္ဍကို တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ အစိုးရကထိန်းချုပ်ထားသည့် စိုက်ခင်းများကို လွှဲပြောင်းရယူကာ အစိုးရ၏ သစ်တောဧရိယာ အားကောင်းခိုင်မာစေရေး လုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ DSI ၏ပေါင်းစပ်ဖော်ဆောင်မှုဖြင့် နိုင်ငံတော်ပိုင်ဆီအုန်းစိုက်ခင်းများအား လုပ်ကိုင်သည့် PT Agrinas Palma Nusantara သည် လုပ်ကွယ်ငယ်တောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ မဟာဗျူဟာမြောက် လူမှုစီးပွားရေးဆိုင်ရာအသင်း ဥက္ကဋ္ဌ Suroto က အကြံပြုပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၊ မြေအသုံးချမှု ဖွံ့ဖြိုးရေးအာဏာပိုင်(FELDA)က ဆီအုန်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးမှုများ၊ စားအုန်းဆီ ပြုပြင်ထုတ်လုပ်ရေးစက်ရုံများ၊
သယ်ယူပို့ဆောင်ရေး ကွန်ရက် များ၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများနှင့် စားအုန်းဆီသန့်စင်ရေးလုပ်ငန်များကဲ့သို့ Downstream လုပ်ငန်းများကို
ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိရာ မလေးရှား FELDA ၏ ဆောင်ရွက်မှုအား စံနမူနာရယူပြီး အင်ဒိုနီးရှားအနေဖြင့် ပို့ကုန်ကဏ္ဍကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သိရှိရပါသည်။
Source: Jarkarta Globe, 2 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
