အယ်လ်နီညိုရာသီဥတုသည် ခန့်မှန်းထားသည်ထက် မြန်ဆန်စွာ အားကောင်းလာနိုင်

Powered by Drupal

      ပစိဖိတ်သမုဒ္ဒရာအတွင်း အီကွေတာရပ်ဝန်း၌ El Nino-Southern Oscillation ခေါ် တောင်ပိုင်းအယ်လ်နီညို ရေစီးကြောင်း အားပျော့သည့် အနေအထားမှ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သို့ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လျက် ရှိသည်ဟု ပုဂ္ဂလိက မိုးလေဝသအေဂျင်စီတစ်ခု ဖြစ်သော Skymet က ပြောဆိုခဲ့သည်။ ၎င်း၏အဆိုအရ အပြည့်အဝ အားကောင်းသော အယ်လ်နီညို ရာသီဥတုသည် ယခင်ကခန့်မှန်းထားခဲ့သည်ထက် ပိုမိုမြန်ဆန်စွာ အားကောင်းလာနိုင်ကြောင်း သိရသည်။

          ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသ၏ အပေါ်ယံအဆင့်နှင့် ဒုတိယအဆင့် ရေမျက်နှာပြင်နှစ်ခုလုံးတွင် ပူနွေးမှုမှာ ထပ်မံ၍ သိသာစွာမြင့်တက်လာခြင်းသည် အယ်လ်နီညိုဖြစ်စဉ် အားကောင်းမှု ကို ပိုမိုမြန်ဆန်စေမည်ဖြစ်ပြီး ယခုနှစ်၌ ၎င်းဖြစ်စဉ် နေရာအနှံ့ သက်ရောက်မှု ဖြစ်ပေါ်နိုင်ခြင်းကို မြင့်တက်စေလျက် ကမ္ဘာ့နေရာဒေသများစွာတွင် အပူချိန်     မူမမှန်မှု အစွန်းရောက်ခြင်းကို ကြုံတွေ့လာရစေနိုင်သည်။ အယ်လ်နီညိုဖြစ်စဉ် အလွန်အားကောင်းနိုင်မည့်ပုံစံ ခန့်မှန်းချက်များသည် အိန္ဒိယမုတ်သုံရာသီ၏ ယခင်ခန့်မှန်းချက်များကို ကျော်လွန်၍ ဘေးအန္တရာယ်ရှိနိုင်မှုကို မြင့်မားစေနိုင်ကြောင်း အဆိုပါ အေဂျင်စီက ပြောဆိုထားသည်။

          အိန္ဒိယမုတ်သုံရာသီအပေါ် အယ်လ်နီညိုဖြစ်စဉ်၏ သက်‌ရောက်နိုင်မှု အတိုင်းအတာသည် ၎င်းဖြစ်စဉ်၏ ပူနွေးမှုဖြစ်ပေါ်သော နေရာဒေသအပေါ် မူတည်လျက်ရှိကြောင်း၊ အကယ်၍ ရေနွေးစီးကြောင်းသည် ပစိဖိတ်သမုဒ္ဒရာ၏ 

အရှေ့ဘက်ခြမ်း၌ ဖြစ်ပေါ်ပါက အနောက်တောင် မုတ်သုံလေတိုက်ခတ်မှုအပေါ် သက်ရောက်မှု နည်းပါးမည်ဖြစ်ကြောင်း၊ ပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်း၌ အယ်လ်နီညိုရေနွေးစီးကြောင်းဖြစ်ပေါ်ပြီး သမုဒ္ဒရာ၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့တွင် ပြန်လည်အေးမြမှုဖြစ်ပေါ်ပါက မုတ်သုံရာသီဥတုကို ဆိုးရွားစွာ သက်ရောက်နိုင်ကြောင်း၊ ယခုနှစ်၌ အယ်လ်နီညိုသည် ဇလုံပုံစံ ကျယ်ပြန့်စွာဖြစ်ပေါ်နိုင်ပြီး ၎င်းက အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် အနောက်အာဖရိက‌ဒေသတို့တွင် မုတ်သုံလေတိုက်ခတ်မှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း Skymet က ပြောဆိုခဲ့သည်။

          ရှေ့လာမည့် အယ်လ်နီညိုဖြစ်စဉ် မည်မျှအားကောင်းမည်ဆိုသည်ကို ခန့်မှန်းရန်မှာ အချိန်စောနေသေးကြောင်း၊ သာမန်အားဖြင့် အယ်လ်နီညို သို့မဟုတ် လာနီညာရာသီဥတုဖြစ်စဉ်များ သည် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ကာလအတွင်းအားအကောင်းဆုံးသို့ ရောက်ရှိလေ့ရှိကြောင်း သိရသည်။

          အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်မှုနှင့် တိုးတက်ကြီးမားမှုသည် မြန်ဆန်စွာ ဖြစ်ပေါ်ဖွယ်ရှိ ပြီး မုတ်သုံရာသီအပေါ် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသည် ကြီးမားလာနိုင်ကြောင်း၊ သမိုင်းအစဉ်အလာအားဖြင့် အယ်လ်နီညိုပေါ်ပေါက်မှု၏ သုံးပုံနှစ်ပုံခန့်သည် မုတ်သုံရာသီဥတု အပေါ် သက်ရောက်လေ့ရှိကြောင်း၊ အတိတ်ကာလ မှတ်တမ်းများအရ အိန္ဒိယနိုင်ငံ၌ အယ်လ်နီညို ဖြစ်စဉ်၏ မုတ်သုံရာသီဥတုအပေါ် သက်ရောက်မှုသည် နိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့ တွင် ကြီးမားမှုရှိပြီး တောင်ပိုင်းနှင့် အရှေ့မြောက်ဒေသများ၌ သက်ရောက်မှု နည်းပါးကြောင်း JunSkymet အေဂျင်စီက ပြောဆိုထားသည်။

Source: Informist Media, 2 June 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)