အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၈.၄၆ ဘီလီယံအထိ စံချိန်တင်မြင့်တက်

Powered by Drupal

         အိန္ဒိယနိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် မကြုံစဖူးသော အခြေအနေသစ်သို့ ရောက်ရှိသွားခဲ့ပြီး ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် အချိန်တိုင်း၏ အမြင့်ဆုံးစံချိန်အဖြစ် အမေရိကန်ဒေါ်လာ ၈.၄၆ ဘီလီယံ (အိန္ဒိယရူပီး ၇၂,၀၀၀ ကုဋေခန့်) သို့စံချိန်တင် ရောက်ရှိခဲ့ကြောင်း သိရပါသည်။ အဆိုမြင့်တက်ခြင်းသည် အဓိကအားဖြင့် အိန္ဒိယပုစွန်အပေါ် ကမ္ဘာ့စျေးကွက်၏ ဝယ်လိုအားကြီးမားလာခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။

         နိုင်ငံတကာစျေးကွက်များတွင် စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အိန္ဒိယနိုင်ငံသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးပမာဏအဖြစ် ပင်လယ်စာ တန်ချိန် ၁၉.၇၂ သိန်းကျော် (၁.၉၇ သန်းကျော်) ကို တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါစွမ်းဆောင်ရည်သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏတွင် ၁၆.၁၃ ရာခိုင်နှုန်းနှင့် ဒေါ်လာတန်ဖိုးတွင် ၁၃.၄၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး အဆိုပါကဏ္ဍအတွက် အားကောင်းသော ပြန်လည်ဦးမော့မှု တစ်ခုဖြစ်လာခဲ့ကြောင်း သိရပါသည်။

         တင်ပို့မှုကဏ္ဍ၏ အစစ်အမှန် ကြယ်ပွင့်မှာ ရေခဲရိုက်ပုစွန်ဖြစ်ပြီး အိန္ဒိယ၏ ရေထွက်ကုန် တင်ပို့မှု ဝင်ငွေစုစုပေါင်း၏ သုံးပုံနှစ်ပုံနီးပါးကို ရှာဖွေပေးခဲ့ကြောင်း သိရပါသည်။ ပင်လယ်စာ ထုတ်ကုန်များ တင်ပို့မှုမြှင့်တင်ရေး အာဏာပိုင်အဖွဲ့ (MPEDA) ၏ ဥက္ကဋ္ဌ P Jawahar ၏ အဆိုအရ အိန္ဒိယသည် ဒေါ်လာ ၅.၆၂ ဘီလီယံ တန်ဖိုးရှိ ရေခဲရိုက်ပုစွန် တန်ချိန် ၇.၉၃ သိန်းကို တင်ပို့ခဲ့ရာ ရေထွက်ကုန်များမှရရှိသော စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ ၆၆ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း သိရပါသည်။

        အမေရိကန်ပြည်ထောင်စုသည် တန်ချိန် ၂.၅၆ သိန်းကျော် တင်သွင်းပြီး အိန္ဒိယပုစွန်၏ အကြီးမားဆုံး ဝယ်ယူသူအဖြစ် ဆက်လက်ရှိနေကာ တရုတ်နိုင်ငံမှာ ဒုတိယအကြီးဆုံး စျေးကွက်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ၊ အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံတို့သည်လည်း အဓိက ဦးတည်ရာနိုင်ငံများအဖြစ် ဆက်လက်ရှိနေကြောင်း သိရပါသည်။

         ပုစွန်အမျိုးအစားများအနက် vannamei (ဗန်နာမီးပုစွန်) က တင်ပို့မှုကို ဆက်လက်လွှမ်းမိုးထားပြီး ပုစွန်ကျား (Black Tiger Shrimp) မှာမူ အမြန်ဆုံးနှုန်းဖြင့် တိုးတက်လာကာ တင်ပို့မှုပမာဏနှင့် တန်ဖိုး နှစ်ခုစလုံးတွင် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း သိရပါသည်။ စုစုပေါင်း ဗန်နာမီးပုစွန် တင်ပို့မှု ဒေါ်လာတန်ဖိုးအနက် ၄၄.၅၃ ရာခိုင်နှုန်းခန့် (ဒေါ်လာ ၂,၁၁၉.၉၆ သန်း) ကို အမေရိကန်သို့ တင်ပို့ခဲ့ပြီး ၎င်းနောက်တွင် တရုတ်သို့ ၁၅ရာခိုင်နှုန်း (ဒေါ်လာ ၇၅၀.၆၀ သန်း)၊ ဥရောပသမဂ္ဂသို့ ၁၃.၄၉ ရာခိုင်နှုန်း (ဒေါ်လာ ၆၄၂.၁၃ သန်း) အသီးသီး တင်ပို့ခဲ့ကြောင်း သိရပါသည်။ ပုစွန်ကျားအတွက်မူ တရုတ်နှင့် ဥရောပသမဂ္ဂ တို့မှာ အကြီးမားဆုံး စျေးကွက်များ ဖြစ်ခဲ့ကြပါသည်။

         ပုစွန်လုပ်ငန်းက အဓိက အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း ရေခဲရိုက်ငါး (Frozen Fish) သည် တန်ဖိုးအရ ဒုတိယအကြီးဆုံး ပို့ကုန်အဖြစ် နေရာကို ဆက်လက်ထိန်းထားနိုင်ကြောင်း သိရပါသည်။ နိုင်ငံတကာစျေးကွက်များတွင် ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားခဲ့သော်လည်း ရေခဲရိုက်ငါး တင်ပို့မှုမှာ ပမာဏနှင့် စုစုပေါင်းဝင်ငွေ နှစ်ခုစလုံးတွင် တိုးတက်လာခဲ့ကြောင်း သိရပါသည်။

        ငါးခြောက်နှင့် ဆက်စပ်ထုတ်ကုန်များ တင်ပို့မှုမှာ သိသိသာသာ ဆပွားတိုးတက်လာခဲ့ပြီး တန်ချိန် ၄.၁ သိန်းကျော်သွားခဲ့ရာ တင်ပို့မှုပမာဏတွင် ၆၂ ရာခိုင်နှုန်းကျော်နှင့် ဒေါ်လာဝင်ငွေတွင် ၇၀ ရာခိုင်နှုန်းနီးပါး ခုန်တက်သွားခဲ့ကြောင်း သိရပါသည်။ အဆိုပါ အမျိုးအစားသည် ယခုအခါ ပမာဏအရ ဒုတိယအကြီးဆုံး ရေထွက်ကုန်တင်ပို့မှု ကဏ္ဍခွဲတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

           အဆိုပါပို့ကုန်အရှိန်အဟုန် မြင့်တက်လာခြင်းမှာ အိန္ဒိယ၏ ဆိပ်ကမ်းများတွင်လည်း ထင်ဟပ်ပေါ်လွင်နေကြောင်း သိရပါသည်။ ဝီဆာခါပတ္တနမ် (Visakhapatnam) ဆိပ်ကမ်းသည် ပင်လယ်စာတင်ပို့မှု၏ အကြီးမားဆုံးဝေစုကို ကိုင်တွယ်ခဲ့ပြီး ၎င်းနောက်တွင် ဂျဝါဟာလာ နေရူး (Jawaharlal Nehru) ဆိပ်ကမ်းက ရပ်တည်နေကာ ကိုချီ (Kochi) ဆိပ်ကမ်းမှာမူ ပို့ကုန်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းနီးပါးကို ရှာဖွေပေးပြီး တတိယအကြီးဆုံး ရေထွက်ကုန်တင်ပို့ရာ တံခါးပေါက်အဖြစ် တည်ရှိနေကြောင်း သိရှိရပါသည်။

Source: The New India Express                                                  

DOCA (ရန်ကုန်)