
ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများ၏ ယုံကြည်မှုကိုရရှိစေရန်နှင့် ကမ္ဘာ့ထိပ်တန်း ဒူးရင်းသီးတင်ပို့သည့် နိုင်ငံအဖြစ်ရပ်တည်မှုကို ခိုင်မာစေရန်အတွက် ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ပြည်တွင်းဒူးရင်းသီး အရည်အသွေးစံနှုန်းများ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn ကမေလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများအားလုံးကို "အချက် ၄ ချက်" စည်းမျဉ်းအား အပြည့်အဝလိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ ၎င်းစည်းမျဉ်းတွင် မမှည့်သေးသောဒူးရင်းသီးများ ရောင်းချခြင်း၊ ပိုးမွှားဒဏ်သင့်နေသော ထွက်ကုန်များ၊ မူရင်းဒေသလက်မှတ် အတုပြုလုပ်ထားသော ထွက်ကုန်များနှင့် ဓာတုဓာတ်ကြွင်းများပါဝင်သည့် အသီးအနှံများ ရောင်းချခြင်းတို့ကို တားမြစ်ထားကြောင်း Patdarasm က ပြောကြားခဲ့ကြောင်း သိရသည်။
အာဏာပိုင်များသည် စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးတွင် အရည်အသွေးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူမက ပြောကြားခဲ့ပါသည်။ အဓိကလုပ်ဆောင်ချက်များတွင် မရိတ်သိမ်းမီ အသီးရင့်မှည့်မှုကို စစ်ဆေးခြင်း၊ ဒေသအလိုက် ပိုးမွှားထိန်းချုပ်ခြင်း၊ စိုက်ခင်းမှ စားပွဲတင်အထိ ခြေရာခံနိုင်သည့် စနစ်ကို ကျင့်သုံးခြင်းနှင့် မတင်ပို့မီ ဓာတုဓာတ်ကြွင်းများကို ကျပန်းစစ်ဆေးခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။
ထို့အပြင် ယခုနှစ် ထွက်ရှိမှုအများဆုံးကာလအတွင်း ကုန်စည်များ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်၊ လုပ်ငန်းကုန်ကျစရိတ်များ လျှော့ချရန်နှင့် ကုန်စည်ပို့ဆောင်မှုကို မြန်ဆန်စေရန်အတွက် ၂၄ နာရီပတ်လုံး သယ်ယူပို့ဆောင်ရေးနှင့် ပို့ကုန်ပံ့ပိုးမှု ဝန်ဆောင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ တင်းကျပ်သော အရည်အသွေးအာမခံချက် ယန္တရားများကြောင့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံ၏ ဒူးရင်းသီး ပို့ကုန်ဝင်ငွေသည် ဘတ် ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၅၇ ဘီလီယံခန့်) အထက်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Star.com
DOCA (ရန်ကုန်)
