ဗီယက်နမ်၊ မလေးရှားတို့နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်မည့် တောင်ကိုရီးယား

Powered by Drupal

          အာဆီယံ-ကိုရီးယားစင်တာနှင့် ကိုရီးယားသွင်းကုန်လုပ်ငန်းရှင်များအသင်းတို့သည် တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်၍ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ ကုန်သွယ်ရေးမြှင့်တင်ရေး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း မေ ၁၈ ရက်တွင် ကြေညာခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တို့တွင် မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းကဏ္ဍတွင် အထူးပြုထားသည့် ကိုရီးယားကုမ္ပဏီ ၂၀ နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်း ၆၀ ကျော်အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဉ်သူများက ပြောကြားခဲ့ပါသည်။ အစီအစဉ်တွင် စီးပွားရေးဖိုရမ်များ၊ စီးပွားရေးချိတ်ဆက်မှုဆွေးနွေးပွဲများနှင့် စက်ရုံလေ့လာရေးခရီးများ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ ကိုရီးယားကုမ္ပဏီများအား အာဆီယံဒေသအတွင်း ပို့ကုန်–သွင်းကုန် လမ်းကြောင်းများနှင့် ဒေသတွင်းဈေးကွက် အပြောင်းအလဲများဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးရန်ဖြစ်ပြီး နောက်ဆုံးပေါ် စက်မှုလုပ်ငန်းဆိုင်ရာနည်းပညာနှင့် လုပ်ငန်းလမ်းကြောင်းများကို လေ့လာနိုင်ရန် အခွင့်အလမ်းများလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အာဆီယံနိုင်ငံများရှိ သက်ဆိုင်ရာလုပ်ငန်းမိတ်ဖက်များနှင့် ကွန်ရက်ချိတ်ဆက်မှုတိုးချဲ့ရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မည့်မိတ်ဖက်များ ရှာဖွေဖော်ထုတ်ရန်လည်း အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယား – ဗီယက်နမ် စီးပွားရေးဖိုရမ်ကို မေ ၂၀ ရက်တွင် New World Saigon Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်စည်ပင် သာယာရေးဌာန၏ ဘဏ္ဍာရေးဌာနနှင့် စက်မှုကုန်သွယ်ရေးဌာန၊ ထို့ပြင် Vietnam Trade Promotion Agency မှကိုယ်စားလှယ်များက ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ၊ ကုန်သွယ်ရေးမူဝါဒများနှင့် ဗီယက်နမ်–တောင်ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အကောင်အထည်ဖော်မှုအခြေအနေများကို မျှဝေဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် အစားအသောက်နှင့် နည်းပညာလုပ်ငန်းများသို့ သွားရောက်လေ့လာကာ ပေါင်းစည်းထားသည့် ထောက်ပံ့မှုကွင်းဆက်မော်ဒယ်များနှင့် ဗီယက်နမ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးမူဝါဒများ အထူးသဖြင့် ဟိုချီမင်းမြို့တော်ကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဗဟိုချက်အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားရေးလုပ်ငန်းများ၏ တင်ပို့ရာဈေးကွက် မျိုးစုံချဲ့ထွင်နိုင်ရေး အထောက်အကူပြုရန် ရည်ရွယ်သည့် မဟာဗျူဟာများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)