
Nghi Son Refinery and Petrochemical Plant သည် ပြည်တွင်းဈေးကွက်ရှိ လောင်စာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် ကွန်ဂိုနိုင်ငံမှ တင်သွင်းလာသော Djeno ရေနံစိမ်းစည်ပေါင်း ၉၅၀,၀၀၀ ကျော်ကို လက်ခံရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါရေနံစိမ်း တင်သွင်းမှုကို Nghi Son Petroleum Products Distribution Branch (PVNDB) က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် Vietnam National Industry - Energy Group ၏ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်ကာ စက်ရုံ၏လည်ပတ်မှုတည်ငြိမ်စေရန်ရည်ရွယ်ကြောင်း သိရပါသည်။ ရေနံစိမ်း တင်သွင်းရာတွင် အရင်းအမြစ်မျိုးစုံထားရှိခြင်းသည် Nghi Son Refinery and Petrochemical LLC အတွက် ကုန်ကြမ်းထောက်ပံ့မှု တည်ငြိမ်စေရန်နှင့် ပြည်တွင်းလောင်စာဆီထောက်ပံ့မှု လုံခြုံမှုရှိစေရန် အရေးကြီးကြောင်း သုံးသပ်ထားပါသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် ကူဝိတ်နိုင်ငံမှရေနံတင်သွင်းမှုများ ထိခိုက်လာသည့်အခြေအနေတွင် ထိုသို့ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ကူဝိတ်ရေနံသည် စက်ရုံ၏မူလဒီဇိုင်းအရ အဓိက ကုန်ကြမ်းဖြစ်နေဆဲဖြစ်သော်လည်း NSRP သည် အစားထိုးကုန်ကြမ်းများကို လုံခြုံပြီး ထိရောက်စွာအသုံးပြုနိုင်ရန်ကြိုးပမ်းမှုအဖြစ် Das Blend ရေနံစိမ်းပထမအသုတ်ကို ယခင်ကအောင်မြင်စွာ စမ်းသပ်အသုံးပြုခဲ့ဖူးကြောင်း သိရပါသည်။ ယခုဆောင်ရွက်မှုသည် ကူဝိတ်ရေနံ သို့မဟုတ် အလားတူ အလတ်စားရေနံများနှင့်အတူ နှစ်စဉ် ရေနံစိမ်းအသစ် စည်ပေါင်း ၁၀ သန်းမှ ၁၂ သန်းအထိ ထပ်မံသုံးစွဲနိုင်ရန်ရည်ရွယ်သည့် မဟာဗျူဟာ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စက်ရုံက ပြောကြားခဲ့ပါသည်။ အထူးသဖြင့် Residue Hydrodesulfurisation (RHDS) ယူနစ်တွင် catalyst အစားထိုးရသည့်ကာလများကဲ့သို့ လည်ပတ်မှုအခြေအနေများတွင် ၎င်းရည်မှန်းချက်ကို အသုံးချသွားမည်ဟု သိရပါသည်။ Petrovietnam ၏ နိုင်ငံတကာကုန်သွယ်ရေး မဟာဗျူဟာအရ PVNDB သည် NSRP အတွက် ပထမဆုံးရေနံစိမ်းတင်သွင်းမှုကို အောင်မြင်စွာ စီစဉ်ပေးနိုင်ခဲ့ပြီး ၎င်းသည် ရေနံစိမ်းထောက်ပံ့ရေးအရင်းအမြစ်များမျိုးစုံပြုလုပ်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ ထိုဆောင်ရွက်မှုသည် နိုင်ငံ၏စွမ်းအင်ဖူလုံရေးကို အထောက်အကူပြုသည့်အပြင် PVNDB အနေဖြင့် လောင်စာဖြန့်ဖြူးရေးမှ ရေနံစိမ်းထောက်ပံ့ရေး ကွင်းဆက်အတွင်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခြင်းကိုလည်း ဖော်ပြနေကြောင်း သိရပါသည်။ Petrovietnam ၏ နိုင်ငံတကာကုန်သွယ်မှုအတွေ့အကြုံနှင့် အားသာချက်များကို အသုံးချကာ PVNDB သည် NSRP နှင့် နီးကပ်စွာပူးပေါင်း၍ လိုအပ်ချက်များကိုသုံးသပ်ခြင်း၊ သင့်တော်သော ရေနံအရင်းအမြစ်များ ရွေးချယ်ခြင်း၊ စီးပွားရေးဆိုင်ရာရွေးချယ်မှုများကို အကဲဖြတ်ခြင်းနှင့် နိုင်ငံခြားမိတ်ဖက်များနှင့် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ လာမည့်ကာလများတွင် PVNDB သည် NSRP နှင့် ပြည်တွင်းသန့်စင်စက်ရုံများအတွက် သင့်လျော်သောရေနံစိမ်းများကို ဆက်လက်တင်သွင်းသွားမည်ဖြစ်ပြီး အုပ်ချုပ်မှုစံနှုန်းများမြှင့်တင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့ရေးအရင်းအမြစ်မျိုးစုံပြုလုပ်ရေးတို့ကို အားဖြည့်ဆောင်ရွက်သွားမည်ဟု သိရပါသည်။ ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည့် ၂၀၂၆ ခုနှစ်ထုတ်လုပ်မှုအစီအစဉ်အရ NSRP သည် ရေနံစိမ်း တန်ချိန် ၁၂.၅ သန်းနီးပါး တင်သွင်းရန်နှင့် ပြည်တွင်းဈေးကွက်သို့ ရေနံထွက်ကုန် တန်ချိန် ၉ သန်းခန့် ထောက်ပံ့ပေးရန် ရည်မှန်းထားကြောင်း သိရပါသည်။ ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် NSRP သည် Kuwait Petroleum Europe B.V. ၊ Idemitsu Kosan Co. Ltd. ၊ Petrovietnam နှင့် Mitsui Chemicals Inc. တို့ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော်တန်ဖိုးရှိကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
