ပြည်ဈေးကွက်တွင် သရက်သီးမှည့်များ ဈေးအနည်းငယ်ကျ

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ဈေးများတွင် သရက်သီးမှည့်များ ရောင်းချနေ ကြောင်းသိရသည်။ ပြည်တွင်း၌ အဓိကစားသုံးသည့် သရက်သီးများမှာ စိန်တလုံး၊ မြကျောက်၊ ရင်ကွဲနှင့် သုံးလုံးတစ်တောင်သရက်သီးအမျိုးအစားများဖြစ်ကြောင်းသိရသည်။ လတ်တလောတွင် စိန်တလုံးနှင့် မြကျောက်သရက်သီးအမှည့်များ ဈေးကွက်ထဲသို့ အများအပြားဝင်ရောက်နေပြီဖြစ် သော်လည်း ရင်ကွဲသရက်မျိုးမှာ အမှည့်ရရှိမှု အလွန်နည်းနေသေးကြောင်း တွေ့ရှိရသည်။ စိန်တလုံး သရက်သီးမျိုးများမှာ မှည့်လျှင် မွှေးလာသောကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အဓိက ဝယ်ယူသုံးစွဲကြောင်းသိရပါသည်။ ပြည်တွင်းသာမက ပြည်ပကပါ ဝယ်ယူမှုများကြောင်း သိရသည်။

          မြန်မာပြည်တွင်း၌  မြကျောက်သရက်မျိုးသာ ပိုကြိုက်ကြကြောင်းသိရသည်။ ဈေးကွက် အတွင်းတွင်လည်း မြကျောက်သရက်မျိုးမှာ အရောင်းသွက်ကြောင်းသိရသည်။ရင်ကွဲသရက်မျိုးများမှာ ကျေးလက်ဒေသများတွင်သာပေါများပြီးအရောင်းအဝယ်ဖြစ်ကာဈေးလည်း အနည်းဆုံးရကြောင်းသိရသည်။

          သရက်ပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် ခြံပိုင်ရှင်များအနေဖြင့် နှစ်စဉ် သရက်သီး ရာသီချိန်ရောက်တိုင်း အတိုင်းအတာတစ်ခုအထိ ဝင်ငွေရရှိနေကြောင်း သရက်ခြံပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။လက်ရှိတွင် ပြည်ဈေးကွက်အတွင်း သရက်သီးအမျိုးအစားအလိုက် ၅၀၀ ကျပ်၊ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်မှစ၍ ၁၅၀၀ ကျပ်ဝန်းကျင်အထိသာ ဈေးရှိနေပြီး အဝယ်နည်းနေသေးကြောင်း သိရသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းနည်းနေသေးကြောင်း သိရသည်။ ဝယ်လိုအားနှင့် ရောင်းလိုအားမှာ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေကြောင်းသိရသည်။

          သရက်သီးမှည့်ဈေးကွက်ကျဆင်းနေသော်လည်း သရက်ပြင်ဈေးမှာ ယခင်နှစ်ကထက် ပိုမို မြင့်တက်လာနေပြီး တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)ခန့်အထိ ဈေးပေါက်နေကြောင်းသိရသည်။

DOCA(ပဲခူး)