
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် ၆လ သံပုရာပင်သီးနှံ စိုက်ပျိုးကြသူများရှိပြီး ဈေးကွက်အတွင်း ဆွတ်ခူးရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သံပုရာပင်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
သံပုရာစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကြသလို သံပုရာကိုင်းဆက် ပျိုးပင်ကိုလည်းဝယ်ယူ၍ စိုက်ပျိုးကြပါသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကိုင်းဆက်ပျိုးပင် တစ်ပင်လျှင် (၃၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ သံပုရာအစေ့ကို ၁ဧက စိုက်ပျိုးပါက အစေ့ ၃၀၀ ကျော် စိုက်ပိုးနိုင်ပြီး၊ ၆လ သံပုရာကို အပင်ပေါက် ဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ မျိုး ၁ပင်လျှင် ၂၀၀၀ ကျပ် ဖြင့်ဝယ်ယူစိုက်ပျိုးပြီး အပင်ရေ ၅၀ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ကုန်ကျစရိတ် ၉ သိန်းခန့် ကုန်ကျကြောင်း သိရသည်။ ၆လ သံပုရာပင်စိုက်ပျိုးသောအခါ အတန်းလိုက် တစ်ပင်နှင့် တစ်ပင် အနည်းဆုံး (၁၅)ပေခန့်ခွာ စိုက်ပျိုးထားရှိပြီး အသီးများစွာသီးနိုင်ကြောင်း၊ သံပုရာမျိုးစေ့ကို စိုက်ပျိုးပါက(၇-၈)နှစ်ကြာကြောင်း၊ ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါက(၁)နှစ်အကြာတွင် အသီးများစတင်သီးကြောင်း၊ ၆လသံပုရာအပင်ကို စိုက်ပျိုးပါက ၇လ အကြာအသီး စတင်ထွက်ရှိကြောင်း သံပုရာတစ်ပင်တွင် အသီးအထွက် နှုန်း (၁၀၀)မှ (၈၀၀)ခန့်ထွက်ကြောင်း၊ စိုက်ဧကအထွက် သံပုရာသီးအလုံးပေါင်း (၂၅၀၀၀)လုံး ခန့်ထွက်ကြောင်း၊ ဗမာသံပုရာသီးဈေးနှုန်းအနေဖြင့် ဗမာသံပုရာသီးအလုံး (၁၀၀)တွင် လက်ကား (၃၅၀၀၀)ကျပ်၊ ၆လ သံပုရာ လက်ကား အလုံး ၁၀၀ လျှင်(၁၀၀၀၀)ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၁၃သိန်း ခန့်ရရှိကြောင်း စိုက်ပျိုးသူ ဦးမြအေးမှ ရှင်းပြသည်။ မိုးဦးကျကာလတွင် သံပုရာသီးဈေးနှုန်းကျဆင်းလျက်ရှိပြီး ပွင့်လင်းရာသီတွင် သံပုရာဈေးနှုန်း ကောင်းမွန်ကြောင်း စိုက်ပျိုးသူထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
