
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) နှင့် ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနသည် အကောက်ခွန်ဖိအားများ လျှော့ချနိုင်ရေးအတွက် အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာညှိနှိုင်းမှုများကို အပြီးသတ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါ သည်။ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer နှင့် ဒုတိယအကြီးအကဲဖြစ်သူ Rick Switzer တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုင်းစီးပွားကူးသန်းဝန်ကြီး Suphajee Suthumpun က ဆွေးနွေးပွဲများသည် အပြုသဘောဆောင်ကြောင်းနှင့် နှစ်ဖက်စလုံးက အပြန် အလှန်ကုန်သွယ်ရေးသဘောတူညီချက် (ART) ဆိုင်ရာဆွေးနွေးမှုများကို လျင်မြန်စွာဆောင်ရွက်ရန် သဘောတူထားကြောင်း ပြောကြားခဲ့ပါသည်။ Mrs Suphajee က ရည်မှန်းချက်မှာ လက်တွေ့ကျသည့် တိုးတက်မှုများရရှိစေရန်နှင့် သဘောတူညီချက်ကိုအမြန်ဆုံး အပြီးသတ်နိုင်ရန်ဖြစ်ပြီး ၎င်းက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယုံကြည်မှုကို တိုးမြှင့်ပေးမည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံအပေါ် အမေရိကန်၏ ကုန်သွယ်ရေးဆိုင်ရာ အရေးယူမှုများမှ ဖြစ်ပေါ်လာနိုင်သည့် ဖိအားများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်က ကုန်သွယ်မှုညီမျှမှုကို ဦးစားပေးဆောင်ရွက်နေပြီး ပြုပြင်ထုတ်လုပ်ထားသော စိုက်ပျိုးရေးထုတ်ကုန်များနှင့် စွမ်းအင်ကဏ္ဍများကဲ့သို့ နှစ်ဖက်အကျိုးရှိနိုင်သည့် နယ်ပယ်များတွင် ထိုင်းစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်းတွင် မထုတ်လုပ်နိုင်သော်လည်း လိုအပ်ချက်ရှိသည့် ကဏ္ဍများတွင် အမေရိကန်မှ တင်သွင်းမှုများကို တိုးမြှင့်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အမေရိကန်တွင် ထုတ်လုပ်နိုင်ခြင်းမရှိသည့် ထိုင်းထုတ်ကုန်များအတွက် အခွန်ကင်းလွတ်ခွင့်များ ရရှိရေးကိုလည်း ထိုင်းဘက်က တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။ Mrs Suphajee ၏ ပြောကြားချက်အရ အမေရိကန်ဘက်က တောင်းဆိုချက်များကို စဉ်းစားပေးရန် ဆန္ဒရှိကြောင်း ပြသခဲ့ပြီး ၎င်းသည် နှစ်ဖက်အကျိုးရှိမည့် ဖြေရှင်းနည်းများရှာဖွေရန် အဆင်ပြေမှုနှင့် လိုက်လျောညီထွေရှိမှုကို ဖော်ပြနေကြောင်း သိရပါသည်။ Mrs Suphajee က ART ဆိုင်ရာ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသည် လက်တွေ့ကျပြီး အကောင်အထည် ဖော်နိုင်သည့်ရလဒ်များကို ဦးစားပေးထားကြောင်း၊ အမေရိကန်ဘက်ကလည်း သတ်မှတ်အချိန် ဇယားများနှင့် အသေးစိတ်စည်းမျဉ်းများအပေါ် ဆွေးနွေးရန်အသင့်ရှိကြောင်းနှင့် ထို့ပြင် အမေရိကန်သည် ထုတ်လုပ်မှုကွင်းဆက်များတွင် အမေရိကန်ကုန်ကြမ်း အသုံးပြုမှုအချိုးကို တိုးမြှင့်လိုကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနသည် မေလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ထိုင်းကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွှတ်သွားမည်ဖြစ်ပြီး USTR ၏ Section 301 စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် မေးမြန်းချက်များကို ရှင်းလင်းဖြေကြား သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အမေရိကန်ခရီးစဉ်အတွင်း Mrs Suphajee သည် အထက်လွှတ်တော်အမတ် Tammy Duckworth နှင့်လည်း တွေ့ဆုံခဲ့ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကြား ထုတ်လုပ်မှုကွင်းဆက်များ အားကောင်းလာစေရေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အမေရိကန်ဘက်က သန့်ရှင်းစွမ်းအင်၊ ကာဗွန် လျှော့ချရေးနည်းပညာများ၊ အသေးစားမော်ဂျူလာ နျူကလီးယားစွမ်းအင်၊ အစားအသောက်ဆိုင်ရာ နည်းပညာတီထွင်မှု၊ ပြည်သူ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကလေးအစားအစာ ထုတ်လုပ်ရေးလုပ်ငန်းများကဲ့သို့ အလားအလာမြင့်မားသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားကြောင်းလည်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
