
အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြား စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ အပါအဝင် ပို့ကုန်ဈေးကွက်အသစ်များ ဖွင့်လှစ်နိုင်ရေးကို ဆက်လက်တွန်းအားပေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ Hartarto က ကမ္ဘာ့ဈေးကွက်များကို ချဲ့ထွင်ခြင်းသည် ပို့ကုန်ကျဆင်းမှုနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေ ပြောင်းလဲမှုများကို တုံ့ပြန်ရန် အဓိကမဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ မသေချာမရေရာသည့် အခြေအနေ တွင် ပို့ကုန်နှင့် ပတ်သက်သည့် အစိုးရ၏ လုပ်ဆောင်ချက်များထဲ၌ ဈေးကွက်ပိုမိုဖွင့်လှစ်နိုင်ရေး ပါဝင်ကြောင်းနှင့် အစိုးရအနေဖြင့် လက်ရှိတွင် EU နှင့် ဆက်သွယ်ဆွေးနွေးနေပြီး ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်၏ အတည်ပြုရေးလုပ်ငန်းစဉ်ကို မျှော်မှန်းထားသည့် အချိန်ဇယား အတိုင်း အမြန်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ပြောကြားချက်အရ ယခုလုပ်ငန်းစဉ်သည် နည်းပညာပိုင်းဆိုင်ရာ အပြီးသတ်ဆောင်ရွက်မှုအဆင့်တွင် ရှိနေပြီး စာရွက်စာတမ်းများကို ဘာသာစကား ၂၂ မျိုးသို့ ဘာသာပြန်ဆိုနေဆဲဖြစ်ကြောင်း သိရပါသည်။ ထိုလုပ်ငန်းစဉ် ပြီးမြောက်ပါက လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကစတင်၍ ဥရောပဈေးကွက်ကို အခွန်ကင်းလွတ်ခွင့်နှင့် ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ Hartarto က ဈေးကွက်ဝင်ရောက်ခွင့်များ တိုးချဲ့ခြင်းသည် အင်ဒိုနီးရှားထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဟုလည်း ပြောကြားခဲ့ပါသည်။ EU အပြင် အစိုးရသည် Canada အပါအဝင်အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားပေးမြှင့်တင်နေကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ကနေဒါနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ရှိထားပြီး ၎င်းကိုအသုံးချကာ နိုင်ငံ၏ပို့ကုန်လုပ်ငန်းများကို ချဲ့ထွင်နိုင်ကြောင်း သိရပါသည်။ ထို့ပြင် ယူကေနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) သို့မဟုတ် Comprehensive Economic Partnership Agreement (CEPA) အဖြစ် တိုးမြှင့်နိုင်ရေး ဆွေးနွေးနေကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒေသတွင်းစွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံရေးကို မြှင့်တင်ရန်ညဆွေးနွေးခဲ့ကြောင်း Hartarto ကပြောကြားခဲ့ပါသည်။ ၎င်းဆွေးနွေးမှုများတွင် ဗျူဟာမြောက်ဓာတ်ဆီအရန်သိုလှောင်မှုနှင့် ဒေသတွင်း စားနပ်ရိက္ခာသိုလှောင်မှုများအပါအဝင် စွမ်းအင်နှင့် စားနပ်ရိက္ခာအကျပ်အတည်းများကို ဒေသအလိုက် တုံ့ပြန်နိုင်ရေး အစီအစဉ်များပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် El Niño ကဲ့သို့ ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မသေချာမရေရာမှုများကို ဖြေရှင်းနိုင်ရန် စားနပ်ရိက္ခာသိုလှောင်မှု အားကောင်းစေရေးမှာ အရေးကြီးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
