
အင်ဒိုနီးရှားအစိုးရသည် ဘာလီကျွန်းကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာ (International Financial Center - IFC) အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြင်ဆင်နေကြောင်း သိရပါသည်။ စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က Kura Kura Bali အထူးစီးပွားရေးဇုန်ကို ဘဏ္ဍာရေးကဏ္ဍ၏ အချက်အချာအဖြစ် ဖွံ့ဖြိုးတိုးတက်နိုင်ရန် လျင်မြန်စွာဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ Kura Kura Bali အထူးစီးပွားရေးဇုန်ကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစင်တာအဖြစ် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနှင့်ပတ်သတ်၍ Danantara နှင့်တိုက်ရိုက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျကာတာတွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် အစိုးရသည် ဘာလီတွင် ဘဏ္ဍာရေးကဏ္ဍအထူး စီးပွားရေးဇုန် တည်ထောင်ရန်အတွက် ဥပဒေရေးရာအခြေခံစည်းမျဉ်းများကို အပြီးသတ်ရေးဆွဲနေကြောင်း သိရပါသည်။ အဆိုပါဇုန်ကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် စီမံခန့်ခွဲမှုစနစ်မှစ၍ လိုအပ်သော အထောက်အကူပြု အဆောက်အအုံများအထိ အပြည့်အစုံ ဖြည့်ဆည်းပေးနိုင်သည့် ဘဏ္ဍာရေးစင်တာအဖြစ် ဒီဇိုင်းရေးဆွဲထားကြောင်း သိရပါသည်။ Kura Kura Bali အထူးစီးပွားရေးဇုန်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လည်ပတ်ရေးကို တာဝန်ယူထားသော PT Bali Turtle Island Development က Knowledge District စနစ်၏ အားသာချက်များကို ဘဏ္ဍာရေးစင်တာ တည်ဆောက်ရာတွင် အရေးပါသောအချက်အချာနေရာအဖြစ် မီးမောင်းထိုးပြခဲ့ကြောင်း သိရပါသည်။ ထိုဒေသကို ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သိပ္ပံနည်းပညာ အရင်းအမြစ်များကို အသုံးချ၍ ဘာလီ၏ စီးပွားရေးတိုးတက်မှုအသစ်များကို မောင်းနှင်ပေးမည့် ပေါင်းစည်းထားသော ဆန်းသစ်တီထွင်ရေး စနစ်တစ်ရပ်အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထို့ပြင် Kura Kura Bali အထူးစီးပွားရေးဇုန်သည် Business Hub တစ်ခုကိုလည်း တည်ဆောက်နေပြီး ၎င်းကို Global Blended Finance Alliance (GBFA) အစီအစဉ်၊ စီးပွားရေးပညာကျောင်းများနှင့် အင်ဒိုနီးရှား၏ထိပ်တန်း ရင်းနှီးမြှုပ်နှံရေးပလက်ဖောင်းများ စုစည်းရာနေရာအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း သိရပါသည်။ Knowledge District ကိုလည်း Entrepreneurship and Innovation Center ဖြင့် ထပ်မံအားဖြည့်မည်ဖြစ်ပြီး အဆိုပါစင်တာတွင် ACS Bali ကျောင်းအပါအဝင် အရည်အသွေးမြင့် ပညာရေးပလက်ဖောင်းများနှင့် ပင်လယ်ကမ်းရိုးတန်း ပတ်ဝန်းကျင်ဆိုင်ရာသုတေသနများ ဆောင်ရွက်နိုင်မည့် International Mangrove Research Center တို့ ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။ လာမည့်ကာလတွင် ၂၀၂၆ ခုနှစ်အတွင်း အရေးပါသော စီမံကိန်းများ အပြီးသတ်ခြင်းဖြင့် Kura Kura Bali အထူးစီးပွားရေးဇုန် SEZ ကို ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အထိ အဆိုပါဇုန်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၁.၆၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၃.၁ သန်းခန့်) ရရှိခဲ့ပြီး လူဦးရေ ၂,၁၄၆ ဦးကို အလုပ်အကိုင် ဖန်တီးပေးထားနိုင်ကြောင်း သိရပါသည်။ တစ်ဖက်တွင် Sanur အထူးစီးပွားရေးဇုန်အတွက် Hartarto က ကျန်းမာရေးခရီးသွားလုပ်ငန်းစနစ်ကို အားကောင်းစေရန် အဓိကထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး အင်ဒိုနီးရှားကို ကမ္ဘာ့အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှု နေရာတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ အဆိုပါဇုန်၏ အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည့် Bali International Hospital သည် ၂၀၂၅ ခုနှစ် ဧပြီလမှ စတင်လည်ပတ်နေပြီး အထူးကုဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း လူနာလာရောက်မှု ၁၄,၉၅၀ ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် နိုင်ငံခြားသား ၆၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား နိုင်ငံသား ၄၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် Sanur SEZ အတွင်းရှိ Solitaire Clinic သည် ၂၀၂၆ ခုနှစ်တွင် လည်ပတ်မည်ဖြစ်ပြီး အလှအပပြင်ခွဲစိတ်မှု၊ ဆေးဘက်ဆိုင်ရာ အလှအပဝန်ဆောင်မှုများ၊ ခန္ဓာကိုယ်ပုံသဏ္ဍာန် ပြုပြင်မှု၊ ဆံပင်ပြန်လည်စိုက်ထူမှုနှင့် အိုမင်းရင့်ရော်မှု တားဆီးရေး stem cell ကုသမှုများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းအနေဖြင့် ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အထိ Sanur SEZ တွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ၃.၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၀၅ သန်းခန့်) ရရှိခဲ့ပြီး လူဦးရေ ၅,၄၄၄ ဦးကို အလုပ်အကိုင်ဖန်တီးပေးထားကာ လာရောက်လည်ပတ် သူ ၂၇၉,၈၀၄ ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
