သီးနှံရိတ်သိမ်းထွက်ရှိမှုခိုင်မာမည်ဟု မျှော်မှန်းချက်အရ အိန္ဒိယအစိုးရက ဂျုံတန်ချိန် ၂၅ သိန်း ထပ်မံ တင်ပို့ခွင့်ပြု

Powered by Drupal

   ၂၀၂၆ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အိန္ဒိယအစိုးရက ဂျုံသီးနှံသည် လက်ရှိသိုလှောင် စာရင်း အခြေအနေအရ ကောင်းမွန်နေပြီး ထပ်မံရိတ်သိမ်းမှုများလည်း ကောင်းမွန်မည်ဟု မျှော်မှန်းထား သဖြင့် ဂျုံတန်ချိန် ၂၅ သိန်း ထပ်မံတင်ပို့ရန် ခွင့်ပြုခဲ့သည်။ ခွင့်ပြုချက်နှင့်အတူ စုစုပေါင်း ဂျုံ တန်ချိန် ၅၀ သိန်း နှင့် ဂျုံထွက်ပစ္စည်းတန်ချိန် ၁၀ သိန်း တင်ပို့ခွင့်ရရှိလာပြီဖြစ်သည်။ ထုတ်လုပ်မှု အလားအလာ ကောင်းမွန်ခြင်းနှင့် သိုလှောင်မှု အလုံအလောက်ရှိနေခြင်းကြောင့် ထပ်မံတင်ပို့ခွင့် ပြုခြင်းဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

    ဂျုံပမာဏ ထပ်မံတင်ပို့ခွင့်ပြုခြင်းကြောင့် စျေးကွက်တွင် လျင်မြန်စွာ လည်ပတ်နိုင်မှု တိုးတက်လာစေမည် ဖြစ်ပြီး လက်ကျန်ရိက္ခာများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်နှင့် ဂျုံအထွက်နှုန်း အများဆုံးအချိန်တွင် ဈေးနှိမ်ရောင်းချရခြင်းများကို ကာကွယ်ရန် မျှော်လင့်ထားသည်။ ထို့အပြင် ပြည်တွင်းစျေးနှုန်းများကို တည်ငြိမ်စေပြီး တောင်သူများ၏ ဝင်ငွေကို တိုးတက်စေမည် ဖြစ်သလို နိုင်ငံ၏ စားနပ်ရိက္ခာ လုံခြုံရေးကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

    စိုက်ပျိုးရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရေးနှစ် (ဇူလိုင်မှ ဇွန်) အတွက် ဂျုံထုတ်လုပ်မှုကို တန်ချိန် ၁၂၀.၂ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။ ထုတ်လုပ်မှု တိုးလာခြင်းမှာ ၂၀၂၆ စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧရိယာ ၃၃.၄၁ သန်း ဟက်တာထိ တိုးလာခြင်း ကြောင့်ဖြစ်ပြီး ယခင်နှစ် ၃၂.၈၀ သန်း ဟက်တာနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခြင်းဖြစ်ရာ သီးနှံ ရိတ်သိမ်းထွက်ရှိမှု ကောင်းမွန်မည်ဟု မျှော်မှန်းနိုင်သည်။ ယခင် ဇန်နဝါရီလတွင် အစိုးရက ဂျုံထွက်ပစ္စည်း တန်ချိန် ၅သိန်း တင်ပို့ခွင့်ပြုခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း ဂျုံထွက်ပစ္စည်း တန် ချိန် ၅ သိန်းနှင့် ဂျုံတန်ချိန် ၂၅ သိန်း ထပ်မံ ခွင့်ပြုခဲ့ကြောင်းသိရသည်။

     ဝန်ကြီးဌာနက အစိုးရသည် လယ်သမားများနှင့် စားသုံးသူများ၏ အကျိုးစီးပွားကို ညှိနှိုင်း ထိန်းညှိနိုင်ရန် သင့်လျော်သော မူဝါဒများ အချိန်မီချမှတ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

Source : Business Standard, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)