တရုတ်သို့ အေးခဲဒူးရင်းသီးတန်ချိန် ၄၅၉ တန် တိုက်ရိုက် တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

           အင်ဒိုနီးရှား ကွာရန်တင်းအေဂျင်စီ (Barantin) နှင့် ဗဟိုဆူလာဝေစီပြည်နယ်အစိုးရတို့သည် ဧပြီလ ၁၆ ရက်နေ့က အေးခဲဒူးရင်းသီး (Frozen Durian) တန်ချိန် ၄၅၉ တန်ကို ဧပြီလ ၁၆ ရက်နေ့က တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ တန်ဖိုးအားဖြင့် ရူပီး၄၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၇ သန်းခန့်) ရှိသော အဆိုပါကုန်ပစ္စည်းများကို ဗဟိုဆူလာဝေစီ ပြည်နယ် Palu မြို့မှ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Barantin အကြီးအကဲ Sahat M. Panggabean က ယခုတင်ပို့မှုသည် ၂၀၂၅ မေလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အင်ဒိုနီးရှား–တရုတ် အေးခဲဒူးရင်းသီးတင်ပို့ရေးသဘောတူညီချက်အပြီး ဈေးကွက်ဝင်ခွင့် ဖွင့်လှစ်ရန် ကြာမြင့်သောလုပ်ငန်းစဉ်၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Panggabean က တရုတ်ဈေးကွက်သို့ ဒူးရင်းသီး တင်ပို့နိုင်ခြင်းသည် စိုက်ပျိုးရေးသမားများမှအစ အစိုးရအထိ ပါဝင်သူအားလုံး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ ပြောကြားချက်အရ ယခုအချိန်ထိ ဒူးရင်းသီးကွန်တိန်နာ ၁၅၁ လုံးကို တရုတ်နိုင်ငံသို့ တင်ပို့ထား ပြီး စီးပွားရေးတန်ဖိုးမှာ ရူပီး ၃၇၇.၅ ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ ယခင်က အင်ဒိုနီးရှားမှ တရုတ်သို့ ဒူးရင်းသီးတင်ပို့ရာတွင် တိုက်ရိုက်မဟုတ်ဘဲ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားတို့ကဲ့သို့ ကြားခံနိုင်ငံများမှတဆင့် တင်ပို့ခဲ့ရကြောင်း သိရပါသည်။ တိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအချိန်ကို ၅၆ ရက်ခန့်မှ ၂၂ မှ ၂၆ ရက်အထိ လျှော့ချနိုင်ခဲ့ပြီး ဖြန့်ဖြူးရေးကုန်ကျစရိတ်ကိုလည်း တစ်ဝက်ခန့် လျှော့ချနိုင်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခဲ့ကြောင်း Panggabean က ပြောကြားခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ထုတ်ကုန်အရည်အသွေးနှင့် လုံခြုံရေးကို ဆက်လက်အာမခံနေကြောင်းလည်း ၎င်းကအလေးပေး ပြောကြားခဲ့ပါသည်။ ဗဟိုဆူလာ ဝေစီကွာရန်တင်းရုံး အကြီးအကဲ Alfian က ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ အေးခဲဒူးရင်းသီး တရုတ်သို့ တင်ပို့မှုသည် ၄,၀၇၇ တန်အထိ ရောက်ရှိခဲ့ကြောင်း Barantin အချက်အလက်များကို ကိုးကား၍ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ဒူးရင်းသီးဈေးနှုန်းသည် ဒေသတွင်းဈေးထက် ၅ ဆမှ ၇ ဆအထိ မြင့်မားသောကြောင့် တိုက်ရိုက်တင်ပို့မှုသည် အကျိုးအမြတ် အလားအလာ ကြီးမားကြောင်းလည်း Alfian က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် တင်ပို့ခွင့်ရရှိထားသော အေးခဲဒူးရင်းသီး ထုပ်ပိုးစက်ရုံ ၈ ခုအနက် ၇ ခုသည် ဗဟို ဆူလာဝေစီ ပြည်နယ်တွင် တည်ရှိ နေသဖြင့် ထိုဒေသသည် အဓိကတင်ပို့ရေး အချက်အချာဒေသတစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါသည်။ ပြည်နယ်အစိုးရ အချက်အလက်များအရ ဗဟိုဆူလာဝေစီတွင် ဒူးရင်းသီးပင် ၃.၇ သန်း ခန့်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှု ၉၅,၁၄၀ တန်ရှိခဲ့ကြောင်း သိရပါသည်။ ထိုထုတ်လုပ်မှုများသည် အထူးသဖြင့် Poso နှင့် Parigi Moutong ဒေသများတွင် ပြန့်နှံ့နေကြောင်း သိရပါသည်။ ဗဟိုဆူလာဝေစီပြည်နယ်အုပ်ချုပ်ရေးမှူး Anwar Hafid က တိုက်ရိုက်တင်ပို့မှုသည် ပြည်နယ်အား အင်ဒိုနီးရှား၏ ဒူးရင်းသီး အဓိကထုတ်လုပ်ရာအချက်အချာဒေသအဖြစ် အားကောင်းစေပြီး ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်မှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ နှစ်စဉ် ဒူးရင်းသီးဝယ်လိုအားသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ရှိနေသဖြင့် အင်ဒိုနီးရှားအတွက် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း အစိုးရဘက်က ရှုမြင်ထားသည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)