
၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း လက်လီရောင်းချမှုနှင့် လူသုံးကုန်ဝန်ဆောင်မှုဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁.၉ ကွိုင်ဒရီလီယံ (အမေရိကန်ဒေါ်လာ ၇၂.၁၄ ဘီလီယံခန့်) ကျော်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၀.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းရုံး (NSO) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းဌာနက ဧပြီလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။
အမျိုးသားစာရင်းအင်းရုံး၏ အချက်အလက်များအရ ကုန်စည်လက်လီရောင်းချမှုသည် ဗီယက်နမ် ဒေါင် ၁.၄၅ ကွိုင်ဒရီလီယံ (ဒေါ်လာ ၅၇.၈ ဘီလီယံခန့်) ရှိပြီး ၁၀.၉ ရာခိုင်နှုန်း တိုးတက်ကာ အများဆုံးဝေစုအဖြစ် ပါဝင်နေသည်။ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှု သည် ဗီယက်နမ်ဒေါင် ၂၃၄.၇ ထရီလီယံ (ဒေါ်လာ ၉.၃၅ ဘီလီယံခန့်) ရှိပြီး ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အခြားဝန်ဆောင်မှုများမှာ ဗီယက်နမ်ဒေါင် ၁၉၂.၈ ထရီလီယံ (ဒေါ်လာ ၇.၆၈ ဘီလီယံခန့်) ရှိပြီး ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အမျိုးသားစာရင်းအင်းရုံး၏ ဝန်ဆောင်မှုနှင့် ဈေးနှုန်းစာရင်းအင်းဌာန ညွှန်ကြားရေးမှူး Nguyen Thu Oanh က လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှုဝင်ငွေ ၁၀.၉ ရာခိုင်နှုန်း တိုးတက်လာခြင်းသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသွားလာရေးကဏ္ဍ၊ ဝင်ငွေတိုးတက်လာမှုနှင့် ငွေကြေးဖောင်းပွမှု ထိန်းချုပ်နိုင်မှုတို့နှင့်အတူ ပြည်တွင်းဈေးကွက်သည် ၂၀၂၆ ခုနှစ်၏ ဒုတိယသုံးလပတ်နှင့် တစ်နှစ်ပတ်လုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေမည့် မောင်းနှင်အားတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
