ဆန်တင်ပို့မှု ဈေးကွက်ချဲ့ထွင်ရန် ဗီယက်နမ် ရှာဖွေနေ

Powered by Drupal

   ဗီယက်နမ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဆန်စပါးထုတ်လုပ်မှုနှင့် ပြည်တွင်းဆန်လက်ကျန် ပမာဏ မြင့်တက်လာပြီး ပို့ကုန်ဈေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေးနှုန်းနှင့် တောင်သူများ၏ ဝင်ငွေအပေါ် သက်ရောက်မှုများ ရှိနေသည့်အတွက် ဆန်တင်ပို့မှု ဈေးကွက် ချဲ့ထွင်ရန် နည်းလမ်းများကို ရှာဖွေနေကြောင်း သိရသည်။

    နိုင်ငံ၏ အဓိကဆန်စပါးစိုက်ပျိုးရာဒေသဖြစ်သော မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် လက်ရှိတွင် ဆောင်းဦးစပါးသီးနှံ၏ အမြင့်ဆုံးရိတ်သိမ်းချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်း အခြေအနေတွင် ဆန်ဈေးနှုန်းများ တည်ငြိမ်စေရန် တောင်သူများအတွက် အကျိုးအမြတ်ရရှိစေ ရန်နှင့် ရေရှည်တည်တံ့သော ဆန်ပို့ကုန်ကဏ္ဍအဖြစ် မြှင့်တင်နိုင်ရန် ဆန်စပါးများကို အရှိန်အဟုန် မြှင့် ဝယ်ယူစုဆောင်းကြရန် အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းထား သည်။

    ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ် နှစ်စမှ မတ်လလယ်အထိ အမေရိကန်ဒေါ်လာ ၈၂၆.၂ သန်း တန်ဖိုး ရှိသော ဆန်တန်ချိန် ၁.၇၄ သန်းခန့်ကို တင်ပို့နိုင်ခဲ့သည်။ ပျမ်းမျှ ပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် ၄၇၇.၆ ဒေါ်လာ ရှိပြီး ၎င်းမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀.၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။

   ဈေးနှုန်းကျဆင်းရခြင်းသည် ပြည်တွင်းနှင့် ကမ္ဘာ့ဈေးကွက်နှစ်ခုလုံးတွင် ဆန်စပါး အထွက် နှုန်း များပြားနေခြင်းကို ထင်ဟပ်စေသကဲ့သို့ တစ်ဖက်တွင်လည်း သွင်းကုန် ဈေးကွက်အချို့မှ ဝယ်လိုအား ကျဆင်းလာခြင်းကြောင့်လည်းဖြစ်သည်။ အဓိကဝယ်ယူနေသည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့၏ ပြည်တွင်းရိက္ခာအရန်ဆန်နှင့် စားနပ်ရိက္ခာဖူလုံမှု ကို မြှင့်တင်ထားနိုင်သဖြင့် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှု တိုးတက် ကောင်းမွန်လာသည်နှင့်အမျှ ဒေသတွင်း ပို့ကုန်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

    ပထဝီနိုင်ငံရေး အချက်အလက်များသည်လည်း ပို့ကုန်ကဏ္ဍအပေါ် သက်ရောက်မှုရှိနေ သည်။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းများ အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိပြီး ကုန်စည်သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခဲ့သည်။ ယင်းအခြေအနေများကြောင့် ဒေသတွင်းသို့ တင်ပို့မှုများသာမက ဥရောပဈေးကွက်များသို့ တင်ပို့မှု များကိုပါ ထိခိုက်စေခဲ့သည်။

    ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် တစ်နှစ်လျှင် စပါးစိုက်ပျိုးဧရိယာ ဟက်တာ ၇ သန်း ကျော် စိုက်ပျိုးလျက်ရှိပြီး စုစုပေါင်းစပါးတန်ချိန် ၄၃.၆ သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းအနက်မှ စပါးတန်ချိန် ၁၅.၄၆ သန်း (ဆန်တန်ချိန် ၇.၇၃ သန်းနှင့် ညီမျှသောပမာဏ) ကို ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်သည်။

    လက်ရှိစီမံချက်အနေဖြင့် အစိုးရသည် ဒေသန္တရအာဏာပိုင်များအား စီးပွားရေးလုပ်ငန်းရှင် များ၊ သမဝါယမအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။ ၎င်းမှာ အမြင့်ဆုံး ရိတ်သိမ်းချိန် ကာလအတွင်း ဆန်စပါးများကို အချိန်မီဝယ်ယူစုဆောင်းနိုင်စေရန်နှင့် ရိတ်သိမ်းပြီး စပါးများ ရောင်းမထွက်သည့် အခြေအနေမျိုး မဖြစ်ပေါ်စေရန်အတွက် ဖြစ်သည်။

    ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအား ချုပ်ဆိုထားပြီးသော ပြည်ပပို့ကုန်စာချုပ်များကို အကောင်အထည်ဖော်နိုင်ရန်နှင့် နောင်တွင် လိုအပ်လာမည့် ဝယ်လိုအားများအတွက် ကြိုတင် ပြင်ဆင်နိုင်ရန် ဆန်စပါးဝယ်ယူမှုကို တိုးမြှင့်ပြီး ယာယီသိုလှောင်ထားကြရန်လည်း တိုက်တွန်း ထားသည်။

    ရိတ်သိမ်းချိန်ကာလအတွင်း ဆန်စပါးဝယ်ယူစုဆောင်းမှုကို မြှင့်တင်ရန်အတွက် စီးပွားရေး လုပ်ငန်းများ၊ အထူးသဖြင့် သိုလှောင်ရုံစနစ် အားကောင်းသည့် လုပ်ငန်းများအနေဖြင့် အတိုးနှုန်း သက်သာသော ချေးငွေများကို ရရှိရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြား ခဲ့သည်။ အထူးအခွင့်အရေးပေးသည့် ချေးငွေမူဝါဒများ (Preferential credit policies) သည် ဆန်စပါးများ ယာယီသိုလှောင်မှုကို တိုးမြှင့်နိုင်ရန်နှင့် ပြည်တွင်းဈေးကွက်ကို တည်ငြိမ်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။

     ရေရှည်စီမံကိန်းအနေဖြင့် ဆန်စပါးထုတ်လုပ်မှုကို အရည်အသွေးမြင့်မားသော ဆန်အမျိုး အစားများနှင့် အထူးဆန်အမျိုးအစားများဘက်သို့ ဦးတည်၍ ပြုပြင်ပြောင်းလဲခြင်းသည် ယှဉ်ပြိုင် နိုင်စွမ်းကို မြှင့်တင်ရန် အဓိကသော့ချက်အဖြစ် ရှုမြင်ကြသည်။ လက်ရှိတွင် အရည်အသွေးမြင့် ဆန်နှင့် မွှေးကြိုင်သော စပါးမျိုးများသည် နွေစပါးသီးနှံ၏ ၇၅ ရာခိုင်နှုန်းခန့်ရှိပြီး ထုတ်လုပ်မှု လမ်းကြောင်းအပေါ် အပြုသဘောဆောင်သော အပြောင်းအလဲကို ပေါ်လွင်စေသည်။

    ဗီယက်နမ်နိုင်ငံသည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များမှ ရရှိလာသော အခွင့်အလမ်းများကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။ ဥရောပ သမဂ္ဂ-ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (EVFTA) အရ ဥရောပ သမဂ္ဂသည် ဗီယက်နမ်အား တစ်နှစ်လျှင် ဆန်တန်ချိန် ၈၀,၀၀၀ ကို အခွန်ကင်းလွတ်ခွင့်ပေးထား သည်။

   ဗြိတိန်-ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (UKVFTA) အရလည်း အလားတူ အထူးအခွင့်အရေးပေးသည့် အခွန်ကိုတာများကို ပေးအပ်ထားပြီး ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ဆက်ဆံရေး (CPTPP) အောက်တွင် အချို့သောစျေးကွက်များသည် အကောက်ခွန်မဲ့ နှုန်းထားများ ကိုလည်း ကျင့်သုံးလျက်ရှိပါသည်။

    သို့ရာတွင် အဆိုပါဈေးကွက်များအတွင်း ဗီယက်နမ်၏ ဆန်ဈေးကွက်ဝေစုမှာ နည်းပါး နေပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်အရည်အသွေး၊ မူရင်းဒေသ ထောက်ခံချက် (Origin Certification) နှင့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာမှုတို့ကို မြှင့်တင်နိုင်ပါက ဈေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်သည်။

    လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTAs) များမှတစ်ဆင့် ဈေးကွက်ဝင်ရောက် နိုင်မှုကို ချဲ့ထွင်ခြင်းသည် ပို့ကုန်တင်ပို့ရာဒေသများကို ပိုမိုတိုးပွားစေရန်နှင့် ကမ္ဘာ့ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် အစဉ်အလာ ဈေးကွက်များအပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချရန် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ရသည်။

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)