
ပြည်တွင်းဝယ်လိုအား ကျဆင်းလာခြင်းနှင့် အဓိကတင်ပို့ရာစျေးကွက်ဖြစ်သော တရုတ်နိုင်ငံမှ အရည်အသွေးထိန်းချုပ်မှု တင်းကျပ်ထားခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံတွင် ဖရဲသီးနှင့် လိမ္မော်သီးကဲ့သို့သော သစ်သီးဝလံစျေးနှုန်းများမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁,၀၀၀ မှ ၅,၀၀၀ (အမေ ရိကန်ဒေါ်လာ ၃.၈ ဆင့်မှ ၁၉ ဆင့်) အထိ ထိုးကျသွားခဲ့သည်။ ဗဟိုကုန်းမြင့်ဒေသ Gia Lai ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ဖရဲသီးစျေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁,၀၀၀ မှ ၅,၀၀၀ ကြားသာ ရှိတော့သည်။ ယခင်နှစ်များက လူးနာနှစ်သစ်ကူး (တရုတ်နှစ်သစ် ကူး) ရုံးပိတ်ရက်များအပြီးတွင် အရောင်းအဝယ် ကောင်းမွန်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ ပြည်တွင်းဝယ်လိုအား အလွန်အမင်းကျဆင်းနေပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာလည်း နှေးကွေးနေကြောင်း တောင်သူများက ပြောကြားခဲ့သည်။ ဈေးနှုန်းများ ပြန်လည်မြင့်တက်မလာပါက Gia Lai ပြည်နယ်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်ပြီး အဆိုပါပြည်နယ်တွင် ဖရဲသီး စိုက်ဧက ၂,၇၃၃ ဟက်တာ (၆,၇၅၀ ဧကခန့်) ရှိပြီး စုစုပေါင်းထွက်ရှိမည့် တန်ချိန် ၁၂,၀၀၀ ၏ ၉၀ ရာခိုင် နှုန်းကို ယခုလနှင့် လာမည့်လအတွင်း ရိတ်သိမ်းရန် သတ်မှတ်ထားကြောင်း သိရသည်။ အခြားသော သစ်သီးဝလံအချို့သည်လည်း အလားတူအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဗီယက်နမ် နိုင်ငံတောင်ပိုင်း Vinh Long ပြည်နယ်တွင် လိမ္မော်သီးဈေးနှုန်းမှာ တစ်ကီလိုလျှင် ဗီယက်နမ် ဒေါင် ၁,၀၀၀ မှ ၃,၀၀၀ ကြားသို့ ထိုးကျသွားခဲ့ပြီး စိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်ဟက် တာလျှင် ဒေါင် သန်း ၁၀၀ မှ ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၄,၀၀၀ မှ ၈,၀၀၀ ဝန်းကျင်) အထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဈေးနှုန်းများ အဆမတန် ကျဆင်းသွားခြင်းကြောင့် ကုန်သည်များသည် ဟိုချီမင်းစီးတီး (HCMC) လမ်းဘေးများတွင် လိမ္မော်သီးနှင့် ဖရဲသီးများကို ပုံလိုက်ရောင်းချလျက်ရှိပြီး အလွန်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချနေရသည်။ လမ်းဘေးဈေးကွက်တွင် လိမ္မော်သီးတစ်ကီလိုလျှင် ဒေါင် ၅,၀၀၀ နှင့် ဖရဲသီးတစ်ကီလိုလျှင် ဒေါင် ၁၀,၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။ ခရမ်းချဉ်သီးဈေးနှုန်းမှာလည်း တစ်လအတွင်း ၆၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားကာ တစ်ကီလိုလျှင် ဒေါင် ၁၀,၀၀၀ မှ ၂၅,၀၀၀ ကြားသာရှိပြီး၊ ပဲသီးနှင့် ရုံးပတီသီး ဈေးနှုန်းများမှာလည်း ထက်ဝက်ခန့်ကျဆင်းကာ တစ်ကီလိုလျှင် ဒေါင် ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားသို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (Vinafruit) ၏ အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ယခုကဲ့သို့ ဈေးနှုန်းများ ထိုးကျသွားရခြင်းမှာ ဗီယက်နမ် စိုက်ပျိုးရေးထွက်ကုန်များ၏ အဓိကအဝယ်တော်ဖြစ်သော တရုတ်နိုင်ငံက ကွာရမ်တင်းစစ်ဆေးမှုများနှင့် အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများကို တင်းကျပ်လိုက်ခြင်းကြောင့်လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဗီယက်နမ်ရှိ ဓာတ်ခွဲစမ်းသပ်ခန်း အများအပြားမှာလည်း ဝန်နှင့်အားမမျှဘဲ ဖြစ်နေသဖြင့် စစ်ဆေးချိန်များ ကြာမြင့်လာကာ ကုန်သည်များအတွက် ဆုံးရှုံးနိုင်ခြေ ပိုမိုမြင့်မားလာစေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် (Logistics) မှာ ၅၀ ရာခိုင် နှုန်းမှ ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယင်းစရိတ်ကို မတတ်နိုင်သော ပြည်ပတင်ပို့သူများသည် ၎င်းတို့၏ ထွက်ကုန်များကို ပြည်တွင်းဈေးကွက်၌သာ ပြန်လည်ရောင်းချနေရသဖြင့် ပစ္စည်းများပိုလျှံကာ ဈေးနှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေသည်။ ဥရောပသို့ လေကြောင်းဖြင့် တင်ပို့ခမှာ ယခင်က တစ်ကီလိုလျှင် ၁.၅ ဒေါ်လာသာ ရှိသော်လည်း ယခုအခါ ၇ ဒေါ်လာမှ ၈ ဒေါ်လာအထိ မြင့်တက်သွားကြောင်း Binh Thuan ပြည်နယ် နဂါးမောက်သီးအသင်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ကုန်သည်အများအပြားမှာ ပြည်တွင်း၌သာ ဈေးလျှော့၍ ရောင်းချနေကြရသည်။ ပြည်ပ တင်ပို့သူများအနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့သော အာရှဈေးကွက်သစ်များကို ရှာဖွေနေကြသော်လည်း အဆိုပါဈေးကွက်များမှ ဝယ်လိုအားမှာ လက်ရှိဆုံးရှုံးသွားသော ရိုးရာဈေးကွက်ကြီးများ၏ နေရာတွင် ချက်ချင်းအစားထိုးနိုင်ရန် မလွယ်ကူကြောင်း ဝန်ခံခဲ့ကြသည်ဟု သိရှိရပါသည်။
Source : Vnexpress
DOCA(ရန်ကုန်)
