Phu Tho ပြည်နယ်သို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း ဆွေးနွေးခဲ့သည့် ထိုင်းသံရုံးအဖွဲ့

Powered by Drupal

        ဗီယက်နမ်နိုင်ငံဆိုင်ရာထိုင်းသံရုံးမှ ကိုယ်စားလှယ်အဖွဲ့ကို သံအမတ် Urawadee Sriphiromya ဦးဆောင်၍ Phu Tho ပြည်နယ်သို့ မတ်လ ၁၆ ရက်နေ့တွင် အလုပ်သဘော အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး မြောက်ပိုင်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေသည့် ဆွေးနွေးပွဲတစ်ခု တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Tran Duy Dong ဦးဆောင်ကျင်းပခဲ့ပြီး Vietnam နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာဌာနများ၊ ပြည်နယ်စီးပွားရေးအသင်းများနှင့် ဒေသတွင်း လုပ်ကိုင်နေသော ထိုင်းလုပ်ငန်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါသည်။ Dong က ဗီယက်နမ်နှင့် ထိုင်းတို့ သံတမန်ဆက်ဆံရေး တည်ထောင်မှု ၅၀ နှစ်ပြည့် အထိမ်းအမှတ်ကာလတွင် ယခုလာရောက်ခြင်းသည် အရေးပါကြောင်းနှင့် Phu Tho ပြည်နယ်သည် အုပ်ချုပ်ရေးမူဘောင်ပြုပြင်ပြောင်းလဲမှုများအပြီး ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ ဝင်ရောက်နေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ပါသည်။ ပြည်နယ်တွင် တည်နေရာအရ အားသာချက်များ၊ လုပ်သားအင်အားနှင့် စက်မှုအခြေခံ အဆောက်အအုံများပိုင်ဆိုင်ထားကြောင်းကိုလည်းဖော်ပြခဲ့ပြီး စက်မှုလုပ်ငန်းသည် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ လက်ရှိတွင်  Phu Tho ပြည်နယ်၌စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် တန်ဖိုးရှိသော ထိုင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၅ ခုတည်ရှိကြောင်း သိရပါသည်။ Phu Tho ပြည်နယ်သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ခြင်းနှင့် စက်မှုအခြေခံအဆောက်အအုံများ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု၊ ခရီးသွားလုပ်ငန်း၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်းအတွက် ထောက်ပံ့ရေးလုပ်ငန်းများ၊ သဘာဝနှင့် လိုက်လျော ညီထွေသော စိုက်ပျိုးရေးနှင့် စမတ်စိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးထားကြောင်း သိရပါသည်။ စက်မှုလုပ်ငန်းအပြင် Phu Tho တွင် သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ သဘာဝခရီးသွားနေရာများနှင့် အနားယူစခန်းများကြောင့် ခရီးသွားလုပ်ငန်းအတွက်လည်း အလားအလာမြင့်မားကြောင်း ဒေသခံတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ထိုအခွင့်အလမ်းများသည် နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ချိတ်ဆက်မှုများ တိုးတက်လာစေရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရပါသည်။ သံအမတ် Urawadee က ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို ချီးကျူးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်းဆက်ဆံရေးများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် သံရုံးအနေဖြင့် ထိုင်းလုပ်ငန်းများကို Phu Tho တွင် ရင်းနှီးမြှုပ်နှံရန် ဆက်လက် လှုံ့ဆော်ကူညီသွားမည်ဟု အတည်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ထိုင်းသံရုံးက “Thai Connect – Connecting Thailand in Phu Tho 2026” အခမ်းအနားကို မေလ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပရန် အဆိုပြုခဲ့ပြီး “Smart cities as drivers for economic growth and sustainable development” ဟူသော ခေါင်းစဉ်အောက်တွင် ကုန်စည်ပြပွဲများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လှုပ်ရှားမှုများနှင့် သဘာဝစွမ်းအင်၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများပါဝင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုနေ့မှာပင် ပြည်နယ်ပါတီကော်မတီ အထွေထွေအတွင်းရေးမှူး Pham Dai Duong သည် ထိုင်းသံအမတ်နှင့် တွေ့ဆုံခဲ့ပြီး စက်မှုဇုန် အခြေခံအဆောက်အအုံ၊ ထောက်ပံ့ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု၊ လူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ဒေသခံခေါင်းဆောင်များကလည်း Thai Connect အခမ်းအနားအပါအဝင် လာမည့်အစီအစဉ်များမှတစ်ဆင့် Phu Tho နှင့် ထိုင်းမိတ်ဖက်များ အကြားဆက်ဆံရေး ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ကြပြီး ဗီယက်နမ်–ထိုင်း မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတိုးတက်စေရန် အထောက်အကူပြုမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)