
ဗီယက်နမ်နိုင်ငံ၏ ဖေဖော်ဝါရီလအတွင်း မော်တော်ယာဉ်ရောင်းချရမှုသည် စုစုပေါင်း ၁၉,၂၇၈ စီးသာရှိခဲ့ပြီး ယခင်လထက် ၄၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဗီယက်နမ် သတင်းဌာနက မတ်လ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဗီယက်နမ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) ၏ ထုတ်ပြန်ချက်အရ လူစီးကားရောင်းချရမှုသည် ၁၂,၃၇၆ စီးဖြင့် အများဆုံးဖြစ်သော်လည်း ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ၎င်းနောက်တွင် လုပ်ငန်းသုံးယာဉ် ၆,၅၄၂ စီးနှင့် အထူးသုံးယာဉ် ၃၆၀ စီးတို့ အသီးသီးရောင်းချခဲ့ရသည်။
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ် ၉,၂၂၀ စီးနှင့် ပြည်ပမှ အလုံးလိုက်တင်သွင်းသည့် မော်တော်ယာဉ် ၁၀,၀၅၈ စီး ရောင်းချခဲ့ရပြီး ၎င်းတို့မှာလည်း ဇန်နဝါရီလထက် ၄၉ ရာခိုင်နှုန်းနှင့် ၄၇ ရာခိုင်နှုန်း အသီးသီး လျော့ကျသွားခြင်းဖြစ်သည်။ သို့သော်လည်း VAMA ၏ အဆိုအရ ယခုနှစ် ပထမနှစ်လအတွင်း စုစုပေါင်းရောင်းအားမှာ ၄၆,၁၅၃ စီး ရှိခဲ့သဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်း မြင့်တက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
