
India သည် Bangladesh ၏ အစိုးရအသစ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများ တိုးချဲ့ရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Pranay Verma က ဒါကာမြို့ရှိ ကုန်သွယ်ရေးဝန်ကြီး Khandaker Abdul Muktadir ၏ ရုံးခန်းတွင် မတ်လ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Verma က ကုန်းတွင်းဆိပ်ကမ်းများမှတစ်ဆင့် ကုန်သွယ်မှုပြန်လည်စတင်ရေး၊ ကုန်ပစ္စည်း တစ်ဆင့်တင်ပို့မှု (transhipment)၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ဘက်ပေါင်းစုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် (CEPA) တို့အပါအဝင် အကြောင်းအရာအများအပြား ဆွေးနွေးခဲ့ကြောင်း၊ ကုန်းတွင်းဆိပ်ကမ်းများသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးချဲ့ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင်တည်ရှိကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ခန့်အတွင်း Benapole မှလွဲ၍ များစွာသောကုန်းတွင်ဆိပ်ကမ်းအချို့ ပိတ်ထားခဲ့ကြောင်း၊ အိန္ဒိယဘက်က ဘင်္ဂလားဒေ့ရှ် အစိုးရအသစ်နှင့် နီးကပ်စွာပူးပေါင်းကာ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများနှင့် လူထုအခြေပြု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးဝန်ကြီး Muktadir ကလည်း အစည်းအဝေးသည်လွန်ခဲ့သည့် ၁၈ လအတွင်း ကုန်းတွင်းဆိပ်ကမ်း အချို့မှတစ်ဆင့် ကုန်သွယ်ရေး ရပ်နားထားမှုကို ဖြေရှင်းနိုင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး လမ်းညွှန်ချက်များကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးအတွင်း နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံတစ်ရပ်ကိုလည်း ရှာဖွေခဲ့ကြောင်း သိရသည်။ အစိုးရ ပိုင်သတင်းအေဂျင်စီ Bangladesh Sangbad Sangstha (BSS) ၏ ဖော်ပြချက်အရ Muktadir က အိန္ဒိယနိုင်ငံကို စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ဒေါ်လာ ၄ ထရီလီယံကျော်ရှိသည့် အဓိက စီးပွားရေးမိတ်ဖက်နိုင်ငံတစ်ခုအဖြစ် ဖော်ပြခဲ့ကြောင်း သိရပါသည်။ လက်ရှိတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ဒေါ်လာ ၁၁ ဘီလီယံခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ်က အိန္ဒိယမှ ဒေါ်လာ ၉.၅ ဘီလီယံခန့် တင်သွင်းထားသော်လည်း တင်ပို့မှုမှာ ဒေါ်လာ ၁.၅ ဘီလီယံခန့်သာရှိကြောင်း သိရပါသည်။ထို့အပြင် Muktadir က သတင်းထောက်များအား ဟော်မုဒ်ရေလက်ကြားအခြေအနေကို အစိုးရဘက်မှ နီးကပ်စွာစောင့်ကြည့်လျက်ရှိကြောင်း၊ ၎င်းလမ်းကြောင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတွက် အရေးကြီးပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ ခန့်မှန်းခြေအားဖြင့် ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားကြောင်း၊ ရေလမ်းကြောင်းကို ကြာရှည်ပိတ်ထားပါက ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်သော်လည်းလက်ရှိအချိန်တွင် အလွန်အကျွံ စိုးရိမ်ရန်မလိုသေးကာ အခြေအနေကို ရက်အနည်းငယ်အတွင်း ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ(LDC) အုပ်စုမှ ထွက်ခွာရေးကို ရွှေ့ဆိုင်းရန် လျှောက်ထားထားပြီး ၎င်းကို ကုလသမဂ္ဂက သုံးသပ် အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
The Daily Star
DOCA (ရန်ကုန်)
