
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ကုန်စည်များကိုသတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ မုန့်တီရောင်းချသည့် ဆိုင်များအား မုန့်တီများအား အသင့်စားထုတ်ပိုးရောင်းချမှုရှိ/မရှိနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မော်ထွန်း (ဒု-ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် မုန့်တီများ ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ထုတ်လုပ်သည့်ကုန်စည်များသည် စားသုံးသည့်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် အဓိကထားပြုလုပ်ရောင်းချသွားရန် နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
