
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၈.၀၆ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံကျော် ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ နောက်ဆုံးထုတ် ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
အဆိုပါကိန်းဂဏန်းများသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုကုန်ချိန် ပမာဏတွင် ၁၀.၈ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၇.၆ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ပြီး ပြီးခဲ့ သည့်နှစ်အတွင်း ကမ္ဘာ့ဆန်စျေးနှုန်းများ ကျဆင်းခြင်း၏ သက်ရောက်မှုကို သိသာစွာ ကြုံတွေ့ ခဲ့ရသည်ကို ထင်ဟပ်နေသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါသော ဆန်ဖြူ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၀ မှ ၃၆၅ ကြားရှိနေသည်။ ဟိုချီမင်းစီးတီးရှိ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ ပြည်ပဝယ်လိုအားနည်းနေသဖြင့် အရောင်းအဝယ်မှာ လည်း နှေးကွေးလျက်ရှိကြောင်း သိရသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဆန်ဝယ်ယူမှုကို လျှော့ချဖွယ်ရှိနေပြီး တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုမှာ သိသိသာသာ မြင့်တက် လာနိုင်သည့်အတွက် ဝယ်လိုအားမှာ ဆက်လက်နည်းပါးနေဦးမည်ဟု ခန့်မှန်းထားကြသည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးသော ဆန်စပါးကျီဖြစ်သည့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၂၀၂၅-၂၀၂၆ ဆောင်းဦးပေါက်စပါး စိုက်ဧရိယာတွင် ဟက်တာပေါင်း ၉၂၁,၀၀၀ စိုက်ပျိုးပြီးစီးခဲ့သည်။ ယင်းမှာ လျာထားချက်ဖြစ်သော ဟက်တာ ၁.၂၆၆ သန်း၏ ၇၃.၈ ရာခိုင်နှုန်းနှင့် ညီမျှသည်။ စောစီးစွာ စိုက်ပျိုးခဲ့သည့် အချို့သော ဒေသများ တွင် ရိတ်သိမ်းမှုများပင် စတင်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Source: The Nation Thailand, January 12, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
