
ကန်စွန်းဥမှာ မျိုးပေါင်းမြောက်များစွာရှိသည်။ အသားမာမျိုးနှင့် အသားပျော့မျိုးဟူ၍ ခွဲခြား နိုင်သည်။ ကန်စွန်းဥ၏ အရောင်ပေါ်တည်၍အမျိုးအစားခွဲခြားခြင်းဖြစ်သည်။
ရေမြေ ရာသီဥတု
သဲမြေ၊သဲနုန်းနှင့် နုန်းမြေတို့တွင် ကန်စွန်းဥကို ကောင်းမွန်စွာစိုက်ပျိုးနိုင်သည်။ သို့သော် အောက်ခံမြေသည် နုန်းစနယ်ဖြစ်ရန်လိုသည်။ မြေသည်ဖွယ်နေရမည်။ ရေဝပ်ဒဏ်ကို မခံနိုင်ကြချေ။ အလွန်စေးသောမြေတွင် ကန်စွန်းဥသည် အသားကြမ်းပြီး ပုံသဏ္ဍာန်မမှန်တော့ပေ။ မြေ၏အသင့် တော်ဆုံး အပူချိန်မှာ (၂၀-၃၀) ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။ ကန်စွန်းဥသည် အတော်အသင့် ချဉ်သောမြေတွင် စိုက်ပျိုး၍ရသည်။
ပျိုးထောင်ခြင်း
ကန်စွန်းဥကို စိုက်ပျိုးရာတွင် အညွန့်ကိုယူ၍ စိုက်ရသည်။ ဥကောင်းများကိုရွေးချယ်ပြီး ပျိုးထောင်၍ ရရှိသော အညွန့်များကို စိုက်ပျိုးပါက ပို၍သေချာပြီး အထွက်လည်းကောင်းပေမည်။ (၅-၆) ပေကျယ်၍ သင့်လျော်မည့်အရှည်ကို ပျိုးဘောင်ပြုလုပ်ပေးပါ။ အလွန်ဖွယ်သောမြေ(သို့မဟုတ်) သဲဆန်သော မြေတွင် ပြုလုပ်ပါ။ ပျိုးဘောင်ပေါ်တွင် (၁.၅)ပေ ခြား အတန်းများပြုလုပ်ပေး၍ ၎င်းအတန်းတွင် တစ်ပေလျှင် တစ်ဥချ၍ မြေနှင့်ဖုန်းအုပ်စိုက်ပါ။ အပင်များမြေပေါ်သို့ ထွက်လာသောအခါ အပင်ခြေ တွင်မြေဖို့ပေးပါ။ ဤသို့ဖို့ပေးခြင်းဖြင့် ပင်စည်အရင်းအပိုင်း (၃-၄) လက်မအထိ မြေနှင့် ထိတွေ့နေရာ တွင် အမြစ်များထွက်လာပေလိမ့်မည်။ ပျိုးပင်များ အတော်အတန်ရှည်လာ၍ မိမိလိုအပ် သော ကိုင်းအရေအတွက်ရနိုင်လောက်မည့်အရွယ်တွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုး နိုင်သည်။
မြေသြဇာနှုန်းထား
နွာချေးမြေဆွေးကို ကန်စွန်းဥမစိုက်မီ အစောပိုင်း မြေပြင်ချိန်တွင်ထည့်ပေးရမည်။
မြေပြုပြင်ခြင်း
ကန်စွန်းဥပုံသဏ္ဍာန်သည် သေး၍ ရှည်နေခြင်းထက် အလုံးတုတ်ပြီး အသင့်အတင့်ရှည်ခြင်းကို ပိုမိုကြိုက်နှစ်သက်ကြသည်။ မြေပြုပြင်ရာ၌ ထယ်ရေး(၆-၈) လက်မအနက်အတွင်း သာရှိသင့် သည်။ များသောအားဖြင့် ဘောင်တင်စိုက်ပျိုးကြသည်များသည်။ ဘောင်မှာအကျယ် (၄-၆)ပေနှင့် ဘောင်အရှည်မြေအနေအထားပေါ်မှုတည်၍ သင့်တော်သလို ဖော်ပေးရမည်။ အမြင့်မှာ (၈-၉) လက်မသာ ပြုလုပ်ပါ။
စိုက်ပျိုးခြင်း
အနည်းဆုံးအဆစ် (၄)ဆစ်ပါသော အကိုင်းများကို ဖြတ်စိုက်ရသည်။ အလယ် (၂)ဆစ်ကို မြေတွင် ထည့်စိုက်၍ ဘေးအစွန်း (၂)ဆစ်ကို မြေပေါ်တွင် ရှိနေပါစေ။ အပင်၏ အဖျားပိုင်းအညွန့်ကို စိုက်ပျိုးပါက ဥအထွက်ပိုကောင်းစေသည်။ တစ်တန်းနှင့်တစ်တန်း (၂)ပေကွာ စိုက်တန်း၌တစ်ပင်နှင့် တစ်ပင် တစ်ပေခြားစိုက်ပါ။ အပင်အကွာအဝေးကျယ်လျှင် အထွက်လျော့စေသည်။ ကန်စွန်းဥကို မိုးတွင်း မေလ၊ ဇွန်လလောက်တွင် စတင်စိုက်ပျိုးသည်။ ရေရရှိသောဒေသတို့တွင်၎င်းထက်စောပြီး ရေသွင်းစိုက်ပျိုးသည်။ စိုက်ချိန်စော၍ အထွက်ပိုများသည်။
အပင်ပြုစုခြင်း
စိုက်ပြီးအစောပိုင်းတွင်ပေါင်းလိုက်မြက်ရှင်းခြင်းကို မကြာခဏပြုလုပ်ပေးရမည်။ အပင်များ တစ်ပင်နှင့် တစ်ပင်ရောယှက်၍ မြေကိုဖုံးသွားပါက ပေါင်းလိုက်ရန်မလိုတော့ခြေ။ စိုက်ပြီး နှစ်လခွဲအကြာတွင် အပင်ခြေရင်း၌ မြေတင်ပေးရမည်။
ရေသွင်းခြင်း
ကန်စွန်းဥသည် မိုးတွင်းစိုက်ပြီးသော သီးနှံဖြစ်၍ ရေသွင်းရန်မလိုခြေ။ ဆောင်းနှင့်နွေရာသီတွင် စိုက် လျှင် (၄) ရက် နှင့် (၉)ရက်အကြာတွင် ရေတစ်ကြိမ်စီသွင်းပေးရမည်။ ထို့နောက်ရာသီဥတု နှင့် မြေ အခြေအနေပေါ်မူတည်၍ (၁၀) ရက်တစ်ကြိမ်ခန့်သွင်းပေးရမည်။
ရိတ်သိမ်းခြင်းနှင့်အထွက်
ကန်စွန်းဥဈေးကောင်းက မရင့်မီအရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။ အကောင်းဆုံးမှာ ဥများရင့်သောအချိန်တွင် တူးဖော်ခြင်းဖြစ်သည်။ ကန်စွန်းဥကို မရင့်မီရိတ်သိမ်းက အလေးချိန် အလွယ်တကူလျော့သွားသည်။ ဥများရင့်ပြီးနောက် မြေတွင် (၅-၆) ပတ်အထိ မရိတ်သိမ်းပဲ ထားနိုင်သည်။ သို့သော် (၈-၉) ပတ်အထိထားက အထွက်များစွာလျော့သွားပေမည်။ ရာသီဥတုနှင့် မြေအနေအထားပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် (၂၅၀၀-၄၀၀၀) ကျော်ထိ ထွက်ရှိသည်။
DOCA(မန္တလေး)
