ကော်ဖီသီးနှံ စိုက်ပျိုးပြီး ပြည်ပတင်ပို့နိုင်အောင် ကြိုးစားကြပါစို့

Powered by Drupal

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံထားလုပ်ဆောင်သောကြောင့် ပြည်ပ ပို့ကုန်တစ်ခုဖြစ်သော ကော်ဖီတင်ပို့ရေးသည်လည်း အဓိကဏ္ဍတစ်ခုဖြစ်ပါသည်။ ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး၊ ကော်ဖီအရည်အသွေးကောင်းမွန်စေရေးတို့အတွက် မြန်မာတောင်သူများကလည်း စိုက်ပျိုးရေးနည်းလမ်းများဖြင့် ဆောင်ရွက်စိုက်ပျိုးသင့်ပါသည်။ ယနေ့ခေတ်တွင် ကော်ဖီကို လူမျိုး ဘာသာမရွေး သောက်သုံးကြပါသည်။ လက်ရှိကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများဆုံးရပ်တည်လျှက် ရှိသည့် ဒုတိယထုတ်ကုန်မှာ ကော်ဖီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ကမ္ဘာသုံး အစားအသောက် တစ်မျိုးဖြစ်သော  ကော်ဖီကို မြှင့်တင်သောအားဖြင့် အပြည်ပြည်ဆိုင်ရာကော်ဖီသောက်သုံးနေ့ အဖြစ် သတ်မှတ်ထားကြောင်းသိရှိရပါသည်။ ထိုသို့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကော်ဖီရောင်းဝယ်မှုကို မြှင့်တင်ရန်နှင့် ကော်ဖီစိုက်ပျိုးသူများ၏ အခက်အခဲကို အသိပညာပေးရန်တို့ ဖြစ်ကြောင်း သိရပါသည်။ ကော်ဖီသည် ကမ္ဘာပေါ်တွင် စီးပွားရေးနယ်ပယ်အသီးသီးတွင် ကော်ဖီ ခွက်ကို အခမဲ့ (သို့) စီးပွားရေးလုပ်ငန်းရှင်များက အထူးဈေးရောင်းမြှင့်တင်ခြင်းတွေပါ ပြုလုပ်လာ ကြကြောင်းသိရသည်။

          မြန်မာနိုင်ငံမှထွက်ရှိသော ကော်ဖီသည် ပြည်တွင်းပြည်ပဝယ်လိုအားကောင်းသောကြောင့် ကော်ဖီစေ့မှာလည်း တန်ဖိုးမြင့်တက်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက စုစုပေါင်း (၂)သိန်းကျော် အကောင်အထည်ဖေါ်စိုက်ပျိုးလျှက်ရှိရာ နှစ်စဉ် ဧက (၅၀၀၀)ကျော်သာ အောင်မြင် ဖြစ်ထွန်းကြောင်းသိရသည်။ ထွက်ရှိလာသော ကော်ဖီများကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများ သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ဒေသများအနေဖြင့် ကော်ဖီကို မန္တလေး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ ကော်ဖီသောက်သုံးခြင်းသည် အရွယ်တင်နုပျိုစေပြီး သည်းခြေအိတ်နှင့် သွားပိုးစားခြင်း စသည့် ကျန်းမာရေးအတွက် ဆေးဖက်ဝင်ကြောင်းသိရသည်။ ကော်ဖီကြိုက်နှစ်သက်သော သူများက “ သူ့ခါးသက်သက် အရသာလေးက လျှာရင်းမြက်စေသလို နမ်းရှိုက်တဲ့ ရနံ့လေးကို ရှူရှိုက်မိတိုင်း စိတ်ဘဝင်ကို ကြည်လင်လန်းဆန်းသွားစေတယ် ” ဟု ဆိုကြသည်။ နိုင်ငံတကာ ဆေးသုတေသီများက နံနက်အိပ်ရာထပြီး တစ်နာရီခန့်အတွင်း အစားအစာတစ်ခုစားပြီး ကော်ဖီ သောက်သုံးရန် အသင့်တော်ဆုံးဖြစ်ကြောင်း ပြောကြားထားသည်။

          ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သည့်အလျှောက် ကော်ဖီ စိုက်ပျိုးသူများအနေဖြင့် မြန်မာနိုင်ငံထွက် ကော်ဖီသည် အနံ့၊ အရသာ၊ အရည်အသွေးကောင်းမွန် ပြီး အရည်အသွေးမြှင့်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချရန် လိုအပ်မည်ဖြစ်ပါသည်။ ဒါမှသာ မြန်မာ့ကော်ဖီဈေး ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်ပါသည်။ မြန်မာ့ကော်ဖီသည် နာမည် ကောင်းရရှိပြီးသားဖြစ်သည့်အတွက် တန်ဖိုးမြှင့်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် နိုင်ငံတော်မှလည်း အားပေးဆောင်ရွက်လျက်ရှိပါသည်။

          နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေကဏ္ဍများဖွံ့ဖြိုးတိုးတက်လာစေဖို့လည်း လိုအပ် ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးဖို့အတွက် နည်းပညာများ၊ အရင်းအနှီးများ၊ ဈေးကွက်များ လည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် စပါး၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ကော်ဖီပင်များ အပါအဝင် အခြားသီးနှံများကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးထားသော ကော်ဖီပင်သည် နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက်နေပြီ ဖြစ်ရာ အရည်အသွေးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် ကြိုးစားကြရမည်ဖြစ်ပါသည်။

          ကော်ဖီပင်စိုက်ပျိုးပြီး ကော်ဖီပင်မှ အရည်အသွေးမြှင့်ပြီး ရောင်းတန်းဝင် ကော်ဖီများရရှိ စေရန် စိုက်ပျိုးပြီး အပင်သက်တမ်း (၄)နှစ်ကျော်တွင် စတင် အသီးသီးကြောင်းသိရသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်တိုင် အောင် ပွင့်နိုင်၊ သီးနိုင်၍ တစ်ပင်တည်းမှာပင် အပွင့်နှင့်အသီးစိမ်း၊  အသီးမှည့်များကို  တစ်ပြိုင်နက် တွေ့ရတတ်သည်။ ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူရကြောင်းသိရသည်။ ကော်ဖီစေ့များ ရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ အစေ့အခွံချွတ်ခြင်း၊ လေမှုတ် သန့်စင်ခြင်း၊ ကော်ဖီအတန်းအစားခွဲခြားခြင်း၊ ကော်ဖီရွေးသန့်ခြင်း၊ အိတ်သွတ်ခြင်း၊ ဈေးကွက်၊ စက်ရုံသို့ တင်ပို့ခြင်း၊ ကော်ဖီအစေ့လှော်ခြင်း၊ ကော်ဖီအမှုန့်ကြိတ်ခြင်း၊ ထုတ်ပိုးသိုလှောင်ခြင်း၊ ဈေးကွက် များသို့ တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူဆူဖြင့် ကောင်းစွာနှပ်ပေးဖို့ အရေးကြီးသည်။ ကော်ဖီရည်ကို သက်သက်သောက်သူလည်း ရှိသလို နွားနို့၊ သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့် ဖြစ်စေ ဖျော်သောက် သူများလည်း ရှိကြသည်။

          မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုကို လက်ရှိအခြေအနေမှ တိုးချဲ့စိုက်ပျိုးနိုင်ပါက ၂၀၃၀ ပြည့် နှစ်တွင် မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ခြောက်သောင်းအထိ ရှိလာမည် ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးတင်ပို့မှုသည် တန်ချိန် ငါးသောင်း ကျော်ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြောင်းလည်းသိရှိရပါသည်။ နှစ်ရှည်ပင်ဖြစ်သောကော်ဖီသည် တစ်ခါစိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းပါက နှစ်ရှည်ဝင်ငွေ ရရှိမည့် သီးနှံပင်ဖြစ်ပါသည်။  အရည်အသွေးကောင်းမွန်သည့် ကော်ဖီကုန်ကြမ်းများကို ရရှိနိုင်သည့်အတွက် တစ်နိုင်တစ်ပိုင် ကော်ဖီအခြေခံသော MSME လုပ်ငန်းများလည်း ထွန်းကားလာကြောင်း သိရှိရပါသည်။ ကော်ဖီအခြေခံ MSME လုပ်ငန်းများတွင် ကော်ဖီလှော်ခြင်းလုပ်ငန်း၊ ကော်ဖီမှုန့်ထုတ်လုပ်သည့်လုပ်ငန်း၊ အသင့်သောက်ကော်ဖီ 2 Plus 1 Ready Coffee ထုတ်လုပ် သည့်လုပ်ငန်း၊ ကော်ဖီအခြေခံသည့် အဖျော်ယမကာဆိုင်များ အစရှိသဖြင့် ကော်ဖီအခြေခံသည့် ဆက်စပ် လုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာပြီး တစ်ဦးချင်းဝင်ငွေများလည်း ပိုမိုတိုးတက်ရရှိ လာခဲ့ကြကြောင်းသိရပါသည်။ ကော်ဖီအခြေခံ MSME လုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်စေရန်အတွက် နည်းပညာပေးသင်တန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွင့်လှစ်ပြီး နည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ကော်ဖီ စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းသာမက ပြည်ပသို့ များများတင်ပို့နိုင်မှသာလျှင် နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေများလည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)