
မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း၌ တည်ရှိပြီး၊ ဆည်မြောင်းကန် ချောင်းများ အသင့်အတင့်ရှိ၍ ဆောင်းသီးနှံများကိုလည်း စိုက်ပျိုးထားရှိသည်။ ဆောင်းမြေပဲသီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်သည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၅-၂၀၂၆ခုနှစ်၌ ဆောင်း မြေပဲသီးနှံကို လျားထားဧက (၈၇၀၀)ဧကအနက် စိုက်ပျိုးဧက(၇၂၅၄) ဧကစိုက်ပျိုးထားရှိ၍ စိုက်ပျိုးရန်ကျန်ရှိသောဧကများ လျာထားချက်ပြည့်မှီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဆောင်းမြေပဲစိုက်ပျိုးထားရှိသော ကျေးရွာများမှာ ဒါးကျွန်းရွာ၊ တောပုရွာ၊ အနိမ့်ရွာ၊ပတ္တာရွာနှင့် ဂေါင်းကွဲကျေးရွာများ၌ စိုက်ပျိုး ထားရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၅၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၅-၅၆)တင်းခန့် ထွက်ရှိ ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်၌ မြေပဲဆံတစ်တင်းလျှင်(၁၁၄၀၀၀) ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ် တွင်ဆောင်းမြေပဲများ ရာသီဥတုကောင်းမွန်ပြီး ရေသွင်းရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာ များပုံမှန်ကျွေးနိုင်ပါက မြေပဲများအထွက်နှုန်း ကောင်းနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင်ဈေးနှုန်းများကောင်းပါကတောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
DOCA(မန္တလေး)
