၂၀၂၅ ခုနှစ်တွင် သီဟိုဠ်စေ့တင်ပို့မှုမှ ဒေါ်လာ ၁.၅ ဘီလီယံ ကမ္ဘောဒီးယား ရရှိ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပသို့ သီဟိုဠ်စေ့ တန်ချိန်တစ်သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၁.၅ ဘီလီယံ ရရှိခဲ့သည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) က ဇန်နဝါရီ ၂ ရက်နေ့တွင် အစီရင် ခံစာ ထုတ်ပြန်ရာ၌ ဖော်ပြခဲ့သည်။

    အဆိုပါအသင်း၏ ဥက္ကဋ္ဌ Uon Silot က ၎င်းတို့၏ သီဟိုဠ်စေ့ ကုန်ကြမ်း အားလုံးနီးပါးကို အိမ်နီးချင်း ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်သည် သီဟိုဠ်စိုက်ပျိုးသည့် တောင်သူများအတွက် ကောင်းမွန်သောနှစ်ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် တန်ချိန်နှင့် တန်ဖိုး နှစ်ရပ်လုံးတွင် သိသာစွာတိုးတက်မှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်စဉ် သီဟိုဠ်စေ့ ခူးဆွတ်ရိတ်သိမ်း သည့် ကာလမှာ မတ်လမှ ဧပြီလထိဖြစ်ကြောင်း၊ ယခင်နှစ် ရိတ်သိမ်းချိန်ကာလတွင် သီဟိုဠ်စေ့ တစ်တန်၏ ဈေးနှုန်းသည် ဒေါ်လာ ၁၂၅၀ မှ ၁၃၅၀ အတွင်းရှိခဲ့ကြောင်း၊ ဈေးနှုန်းအမြင့်ဆုံး ကာလ သည် အောက်တိုဘာလတွင်ဖြစ်ပြီး တစ်တန်လျှင် ဒေါ်လာ ၂၀၀၀ ခန့်အထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ ဆီအုန်း၊ ငှက်ပျောသီး၊ သရက်သီး၊ တောကြက်မောက်သီး (longan) နှင့် ငရုတ်ကောင်း စသည်တို့အပြင် သီဟိုဠ်စေ့သည် အလား အလာ ကောင်းမွန်သော ဝင်ငွေရလွယ်သည့် သီးနှံများအနက် တစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ CAC အသင်း၏ အဆိုအရ လက်ရှိကာလ၌ နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ပေါင်း ၁၀ ခုတွင် သီဟိုဠ် စိုက်ပျိုးမှု စုစုပေါင်း ဧရိယာသည် ဟက်တာပေါင်း ၇၀၀၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။

Source: Khmer Times, January 3, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)