မြန်မာ့အာလူး စျေးကောင်းရနေ

Powered by Drupal

              ယခုနှစ်စ မြန်မာ့အာလူး စျေးကွက်တွင် တရုတ်နိုင်ငံမှ တရားမဝင်ဝင်ရောက်သည့် အာလူးများနှင့် မိုးခေါင်ခြင်းတို့ကြောင့် အာလူးဥများ ကောင်းမွန်စွာမဖြစ်ထွန်းသဖြင့် အာလူးစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ယခုနှစ်စပိုင်းက အာလူးတစ်ပိဿာ ကျပ် ၅၀၀၀အောက်အထိရှိခဲ့ပြီး အများဆုံး တစ်ပိဿာလျှင် ၈၀၀၀ခန့် ရှိခဲ့ကြောင်း သိရသည်။

        မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၅ ခုနှစ်မှစပြီး တရုတ်အာလူးများတရားမဝင်ရောက်ရှိပျံ့နှံ့နေခြင်းမှာ ယခု အချိန်အထိဖြစ်ကြောင်း တောင်သူများကသုံးသပ်ကြသည်။ တရုတ်အာလူးများကြောင့် ပြည်တွင်းစိုက်အာလူး များအရောင်းအဝယ်အေးကာ နှစ်စဉ်အရှုံးပေါ်ခဲ့သောကြောင့် ရှမ်းပြည်နယ်ဘက်တွင် အာလူးစိုက်သည့် တောင်သူ များလျော့နည်းသွားကြောင်း သိရသည်။ “တရုတ်အာလူးကို မယှဉ်နိုင်လို့ နှစ်စဉ်ရှုံးခဲ့တာကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းကတောင်သူတွေဆို သိပ်မစိုက်ကြတော့ဘူး။ ဒါကြောင့်အထွက်နှုန်းကျလာတယ်။ တရုတ်ဘက် ကုန်သွယ်မှုပိတ်ထားတော့ ပြည်တွင်းအာလူးရှားပြီး အခုစျေးအမြင့်စျေးရတာပေါ့”ဟု ရှမ်းပြည်နယ်ဘက်မှ အာလူးစိုက်တောင်သူ တစ်ဦးကပြောသည်။ ထို့ကြောင့် ရှမ်းပြည်အား အားထား၍ မျိုးစေ့ဝယ်ယူနေသည့် တချို့ဒေသများတွင် မျိုးစေ့ရှားကာ စိုက်ပျိုးမူနည်းပါးလျှက်ရှိကာ တနှစ်ထက်တနှစ် အထွက်နှုန်းလျော့ကျလာကြောင်း သိရသည်။ “၈လပိုင်းလောက်ကနေ တက်လာတာ ၁ပိသာကို ၈၀၀၀ ထိရောက်သွားတယ်။ အရင်လတွေထက်စာရင်တော့ စျေးကောင်းရနေတယ်လို့ ပြောလို့ရတယ်။ မျိုးစေ့မရတာရယ်၊ ရာသီဥတုကြောင့်ရယ် အထွက်နှုန်းကတော့ ဒီနှစ် ကျတယ်” ဟု မကွေးတိုင်းဒေသကြီး စလင်မြို့နယ်မှ အာလူးစိုက်တောင်သူကိုကျော်ဇင်ထွန်းက ပြောသည်။ အာလူးအား ရှမ်းပြည်နယ်အာလူးကို ရှမ်းပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)