
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် အညီထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
“747”ခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သည့် “မုန့်ဟင်းခါးခြောက်” (၃၂၀)ဂရမ် ကုန်စည်အမျိုးအစားအားစစ်ဆေးခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
