
အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က အင်ဒိုနီးရှား၏ ဆန်နှင့်ပြောင်းထုတ်လုပ်မှုသည် ဖူလုံလျက်ရှိပြီး ယခုနှစ်ကုန်အထိတင်သွင်းရန်မလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အထက်လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုဝင်ဘာလ ၂၄ ရက်နေ့က အစည်းအဝေးတွင် ဝန်ကြီးက အစိုးရ၏ပြင်းထန်စွာလုပ်ကိုင်မှုနှင့် သက်ဆိုင်ရာလုပ်ငန်းများ၏ အားကောင်းသောပံ့ပိုးမှုကြောင့် ဆန်နှင့်ပြောင်းဖူလုံလျက်ရှိကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ အင်ဒိုနီးရှားစာရင်းအင်းရုံးထံမှအချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၄.၇၇ သန်းထိရောက်ရှိရန် ခန့်မှန်းရပြီး ရည်မှန်းထားသည့် တန်ချိန် ၃၂ သန်းကို ကျော်ဖြတ်နိုင်ကြောင်း သိရပါသည်။ Sulaiman ၏အဆို အရ အင်ဒိုနီးရှားသည် ဆန်လိုအပ်ချက်ကိုပြည့်မီရန် အားကောင်းသောတည်နေရာတွင် ရပ်တည် နေပြီး ဒေသအားလုံးတွင်လည်း ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း သိရပါသည်။ Sulaiman ကနိုင်ငံတော်ဆန်လက်ကျန်သည် တန်ချိန် ၄.၂ သန်းရောက်ရှိခဲ့ပြီး ထုတ်လုပ်မှုမှာ အစိုးရ၏ ကနဦးခန့်မှန်းချက်များထက် သိသာထင်ရှားစွာမြင့်တက်ခဲ့ကြောင်းနှင့် အမေရိကန် စိုက်ပျိုးမွေးမြူရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီအတွက် အင်ဒိုနီးရှား၏ဆန်ထုတ်လုပ်မှုကို တန်ချိန် ၃၄.၆ သန်းဟု ခန့်မှန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ အစိုဓာတ် ၁၄ ရာခိုင်နှုန်းပါဝင်သော ပြောင်းထုတ်လုပ်မှုမှာ တန်ချိန် ၁၆.၅၅ သန်း ရောက်ရှိရန်ခန့်မှန်းရပြီး ၂၀၂၄ ခုနှစ်ကထက် ၉.၃၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တင်သွင်းရန်မလိုအပ်ပဲဖူလုံမှုရှိကြောင်း သိရပါသည်။ ငရုတ်သီး၊ ကြက်သွန်နီကလေး၊ အုန်းသီး၊ စားအုန်းဆီ၊ ရာဘာနှင့် ကိုကိုးအစရှိသည့် များစွာသောအခြားဗျူဟာမြောက် ကုန်စည်များသည်လည်း ထုတ်လုပ်မှုသိသာထင်ရှားစွားမြင့်တက်ခဲ့ပြီး ထုတ်လုပ်မှုရည်မှန်းချက်၏ ၈၅ ရာခိုင်နှုန်း ကျော်ရောက်ရှိပြီဖြစ်ကြောင်း သိရပါသည်။ ထို့ပြင်မွေးမြူရေးကဏ္ဍတွင်လည်း စံချိန်တင် မြင့်တက်ခဲ့ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်နှင့် ဥများထုတ်လုပ်မှုမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
