ဗီယက်နမ်နှင့် ဈေးကွက်ဝေစုယှဉ်ပြိုင်နိုင်ရေး ဖိလစ်ပိုင်၏ အုန်းသီးထုတ်ကုန်များ တန်ဖိုးမြှင့်ရန် လိုအပ်

Powered by Drupal

   နိုင်ငံတကာ အုန်းသီးထုတ်ကုန်တင်ပို့မှုလုပ်ငန်း၌ ဗီယက်နမ်သည် ဈေးကွက်ဝေစု တစ်ဖြည်း ဖြည်း ရရှိလာသဖြင့် အုန်းသီးထုတ်ကုန်များကို ကမ္ဘာနှင့်အဝန်း ဦးဆောင်တင်ပို့နေသော ဖိလစ်ပိုင် အနေဖြင့် ဈေးကွက်ဝေစုယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် တန်ဖိုးမြှင့် အုန်းသီး ထုတ်ကုန်များသို့ ပြောင်းလဲထုတ်လုပ်တင်ပို့သင့်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားထား ပါသည်။

    ဖိလစ်ပိုင်သည် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများအား အုန်းသီးနှင့် အုန်းသီး ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိသော်လည်း အဓိကအချက်နှစ်ချက်ဖြစ်သည့် မဟာဗျူဟာ စီးပွားရေးတိုးတက်မှုနည်းလမ်းလိုအပ်ချက်နှင့် ဈေးကွက်ဝေစုယှဉ်ပြိုင်ဘက်များအား မျက်ခြေ မပြတ် စောင့်ကြည့်ခြင်း စသည်တို့ကို ပြုလုပ်ရန်လိုအပ်ကြောင်း Euromonitor International မှ Sowmya Ramaswami က ပြောကြားထားပါသည်။

     Ms. Ramaswami က အုန်းသီးထုတ်ကုန်များသည် အီလက်ထရောနစ်မဟုတ်သော ကုန်စည် များမှ ပို့ကုန်ဝင်ငွေ အများဆုံးရှာဖွေသည့် နိုင်ငံများအကြား အပြိုင်အဆိုင်တင်ပို့နေသည့် ကုန်စည် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အုန်းသီးထုတ်ကုန်များကို ဝယ်ယူလိုမှု များပြားလျက်ရှိနေပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံများတွင် အုန်းသီးထုတ်ကုန်ဝယ်လိုအား ဆက်လက် မြင့်တက်လျက်ရှိကြောင်း၊ သို့သော်လည်း အုန်းသီးသည် ဗီယက်နမ် အစားအစာကဏ္ဍ တွင် အခိုင်အမာ နေရာယူလာခြင်း၊ အစားအစာအပြင် အခြားနေရာများတွင်ပါ အသုံးပြုမှုများပြား လာခြင်း၊ အုန်းသီးနှင့်စပ်လျဉ်း၍ ကျန်းမာရေး အသိပညာဗဟုသုတမြင့်မားလာခြင်း၊ ဟင်းသီး ဟင်းရွက်ဦးစားပေး ကိုယ်အလေးချိန်ထိန်းသိမ်းသည့် စားသောက်မှုပုံစံများ များပြားလာခြင်း စသည်တို့ကြောင့် ဗီယက်နမ်သည်  အုန်းသီးတင်ပို့မှုတွင် နေရာအခိုင်အမာဖြင့် ရပ်တည်လျက်ရှိရာ ဖိလစ်ပိုင်သည် ကျေနပ်ဖွယ်ရာတင်ပို့မှုကို မပြုလုပ်နိုင်ကြောင်း၊ ယခုအခါ ဗီယက်နမ်သည် အဓိက ဈေးကွက်များတွင် အုန်းသီးတင်ပို့မှု ၂၀ ရာခိုင်နှုန်းနီးပါးရှိပြီး၊ ဖိလစ်ပိုင်၏ အဓိက ယှဉ်ပြိုင်ဘက် အဖြစ် ရပ်တည်နေကြောင်း၊ အမေရိကန်ပြည်ထောင်စု ဈေးကွက်တစ်ခုတည်းမှာပင် လွန်ခဲ့သည့် သုံးနှစ် မှ ငါးနှစ် အတွင်းတင်ပို့မှုသိသာစွာမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်၏ အကောက်ခွန် စည်းကြပ်မှု တိုးမြှင့်ထားသည့်ကြားမှာပင် ဗီယက်နမ်၏ တင်ပို့မှုများသည် ဆက်လက်မြင့်တက် လျက်ရှိကြောင်း ပြောကြားထားပါသည်။

    ဗီယက်နမ်၏ ထုတ်လုပ်မှုကွင်းဆက်အပေါ် လျှင်မြန်စွာပြန်လည်ချိန်ညှိနိုင်မှု၊ ပို့ကုန်အမယ်စုံ ချဲ့ထွင်တင်ပို့နိုင်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များအပေါ် အလေးပေးဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုမူဝါဒများအား ဦးစားပေးရေးဆွဲဆောင်ရွက်တတ်မှု စသည်တို့ကို Ms. Ramaswami က ဖော် ထုတ် ချီးမွမ်းထားပါသည်။

    ဖိလစ်ပိုင်အနေဖြင့် ဈေးကွက်အသစ်များတွင် ကောင်းမွန်ပြည့်ဝသည့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံခြင်းအား ဖော်ဆောင်ခြင်းဖြင့် အုန်းသီးတင်ပို့မှုများအား မြှင့်တင်ဆောင်ရွက်ခြင်း၊ စားသုံးသူ စိတ်ကြိုက်ဖြစ်စေမည့် ထုတ်ကုန်များအား တီထွင်ထုတ်လုပ်ခြင်း၊ ကုန်ကြမ်းများအား ပိုမို အဆင့်မှီသည့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်အောင် ပြုပြင်ထုတ်ပိုးခြင်း စသည်တို့ကို စည်းစနစ် ကျစွာ မြှင့်တင်ဆောင်ရွက်သင့်ကြောင်း၊ အုန်းသီးအခြေခံထုတ်ကုန်များအတွက် ရှေ့ပြေးမျက်နှာစာ အသစ် ဖွင့်လှစ်ခြင်းကို အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားထားပါသည်။

     ကျန်းမာရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်များကို ရွေးချယ်ဝယ်ယူစားသောက်မှု မြင့်တက်ခြင်းကြောင့် ပို့ကုန်အမယ်စုံ ဦးစားပေးတင်ပို့နိုင်သည့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်ပြီး၊ အထူးသဖြင့်မုန့်လုပ်ငန်းနှင့် အာဟာရစားသောက်ကုန် အမှတ်တံဆိပ်များတွင် အုန်းသီးအား အမှုန့်နှင့် အခြားပုံစံများဖြင့်အသုံးပြုလာကြကြောင်း Euromonitor ၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားပါသည်။

    စားသုံးသူများအနေဖြင့် အလှကုန်ပစ္စည်းများတွင် အုန်းသီးထုတ်ကုန်များကို တောင်းဆိုမှု များရှိလာပြီး၊ အုန်းရည်၊ စစ်မှန်သည့်အုန်းဆီ၊ နို့ထွက်ပစ္စည်းအစားထိုးထုတ်ကုန်များဖြစ်သည့် အုန်းနို့နှင့် အုန်းအနှစ်၊ သရေစာမုန့်ပြုလုပ်ရန်အတွက် အုန်းခြောက်ဖတ်နှင့် သဘာဝအချိုအရသာ အဖြစ် အုန်းသကြား စသည်တို့ကဲ့သို့သော ကျန်းမာရေးအထောက်အကူပြုအစားအစာများကို တိုးချဲ့ အသုံးပြုလာကြောင်း သိရှိရပါသည်။

Source : Manila Standard, December 8, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)