
မလေးရှားနိုင်ငံ၏ နိုဝင်ဘာလ၌ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် ရေလွှမ်းမိုးမှု ဒဏ်ခံရသော ဒေသများတွင် ရိတ်သိမ်းမှုနှောင့်နှေးခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ယခင်လက ထက် သိသိသာသာကျဆင်းသွားဖွယ်ရှိသည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အဆို အရ သိရှိရကြောင်း မလေးရှားအခြေစိုက် The Edge Malaysia သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။
MPOB မှ ညွှန်ကြားရေးမှူးချုပ် Datuk Dr Ahmad Parveez Ghulam Kadir က ရေကြီးမှု ကြောင့် သက်ရောက်မှုမှာ ဒေသအလိုက်သာ ခံစားရခြင်းနှင့် ယခုလအနှောင်းပိုင်းတွင်သာ ဖြစ်ပွား ခဲ့ခြင်းတို့ကြောင့် မလေးရှား၌ မကြာသေးမီကရေကြီးမှုသည် တစ်နိုင်ငံလုံး၏ စားအုန်းဆီကြမ်း ထုတ်လုပ်မှုကို ကြီးကြီးမားမားထိခိုက်မှု ဖြစ်စေနိုင်ဖွယ်မရှိကြောင်းပြောကြားခဲ့သည်။ အရှေ့ဘက် ကမ်းရိုးတန်းပြည်နယ် အများအပြားတွင် ပျမ်းမျှမိုးရွာသွန်းမှုထက်မြင့်မားပြီး ရေကြီးမှုအန္တရာယ်များ မြင့်မားနေသော်လည်း မလေးရှား၏ တစ်နှစ်တာ စားအုန်းဆီကြမ်းထုတ်လုပ်မှု မျှော်မှန်းချက်ကို တန်ချိန် ၁၉.၅ သန်းအထိ ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။
ဆီအုန်းပင်များသည် ၎င်းတို့၏ ဇီဝကမ္မဆိုင်ရာ အနားယူမှု၊ ပြုပြင်မှုအဆင့်သို့ ရောက်ရှိနေ သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စားအုန်းဆီကြမ်း အထွက်ပမာဏသည် ရာသီအလိုက် အသင့်အတင့်မျှရှိသည်ကို တွေ့ရှိရကြောင်း၊ ရေကြီးမှုကြောင့် အချို့သောဆီအုန်းခြံများတွင် ကာလ တို၌ ရိတ်သိမ်းမှု နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပေါ်နေသော်လည်း နိုင်ငံ၏ ရောင်းလိုအား အလား အလာမှာ စီမံထိန်းညှိနိုင်ပြီး ၂၀၂၅ ခုနှစ်အတွက် ထုတ်လုပ်မှုအနေဖြင့် ဆက်လက်တိုးတက်နေ ကြောင်း MPOB မှညွှန်ကြားရေးမှူးချုပ်က The Edge သတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားခဲ့ ကြောင်းသိရသည်။
Mr. Ahmad Parveez က နိုဝင်ဘာလထုတ်လုပ်မှုအချက် အလက်များကို ဗုဒ္ဓဟူးနေ့တွင် တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလစားအုန်းဆီကြမ်း (CPO) သိုလှောင် မှုပမာဏသည် တင်ပို့မှုနှေးကွေးခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလထက် မြင့်တက်လာဖွယ်ရှိကြောင်း ဆက်လက်ပြောကြားသည်။ ၎င်း၏ပြောဆိုချက်အရ ရာသီဥတုအခြေအနေပေါ်မူတည်၍ စားအုန်း ဆီကြမ်းထုတ်လုပ်မှု တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာချိန်တွင် ရာသီအလိုက်တင်ပို့မှု အလယ် အလတ်သာရှိသဖြင့် ဒီဇင်ဘာလတွင် သိုလှောင်မှုပမာဏ မြင့်တက်လာနိုင်ဖွယ်ရှိသည်။
ပုံမှန်အားဖြင့် သိုလှောင်မှုလက်ကျန် မြင့်မားခြင်းသည် စံပြုကြိုတင်အရောင်းဈေးနှုန်းများ အပေါ် ဖိအားသက်ရောက်မှုရှိပြီး ၎င်းဈေးနှုန်းများက ရောင်းလိုအား ကောင်းမွန်မှုနှင့် ဝယ်လိုအား လျော့ပါးမှုတို့ ဖြစ်ပေါ်နေသည်ကို ညွှန်ပြလျက်ရှိသည်။ စားအုန်းဆီကြမ်း ၃ လကြိုတင်အရောင်း စာချုပ် ဈေးနှုန်းသည် ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives) တွင် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၉၄ ဖြင့် နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရ သည်။
MPOB ၏ ယခင်အချက်အလက်များအရ နိုင်ငံ့ စားအုန်းဆီ လက်ကျန်ပမာဏသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် တန်ချိန် ၂.၄၆ သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄.၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်သည်။ အောက်တိုဘာလတွင် စားအုန်းဆီကြမ်း အထွက် တန်ချိန် ၂.၀၄ သန်းရှိပြီး ယခင်လကထက် ၁၁.၀၂ ရာခိုင်နှုန်းမြင့်တက် လာပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ အောက်တိုဘာလ တင်ပို့မှုအနေဖြင့် တန်ချိန် ၁.၆၉ သန်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၈.၅၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
စိုက်ဧကအလိုက် ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သူ ကုမ္ပဏီဖြစ်သည့် SD Guthrie Bhd က စားအုန်းဆီလုပ်ငန်းလည်ပတ်မှု ယူနစ်အများအပြားတွင် အထူးသဖြင့် Kedah၊ Perak၊ Selangor နှင့် Pahang ဒေသတို့တွင် ဒေသအလိုက် ရေလွှမ်းမိုးမှု သတင်းများ ရရှိထားပြီး လတ် ဆတ်သော ဆီအုန်းသီးခိုင်များ (FFB) ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရခြင်းအပါအဝင် ရိတ်သိမ်း ခြင်းလုပ်ငန်းများနှင့် အထွေထွေသယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ကို ယာယီရပ်တန့်စေခဲ့ကြောင်း သိရှိရသည်။ SD Guthrie ကုမ္ပဏီသည် မလေးရှား၊ အင်ဒိုနီးရှား၊ ပါပူဝါနယူးဂီနီ (PNG) နှင့် ဆိုလွမ်မန်ကျွန်း (Solomon Islands)တို့တွင် ဆီအုန်းခြံ ၂၃၄ ခု နှင့် စက်ရုံပေါင်း ၆၅ ခုကို ဆီအုန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် ဘေးကင်းမှုနှင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မှု သေချာစေ ရန် အစီအမံများ ချမှတ်ဖော်ဆောင်နေပြီး စားအုန်းဆီ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းများအား တည်ငြိမ်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း SD Guthrie ၏ စီမံခန့်ခွဲမှုအဖွဲ့မှ The Edge သတင်း ဌာနသို့ ပြောကြားခဲ့သည်။ ရေကြီးမြင့်မှုနှင့် ကြိုတင်ကာကွယ်မှု အစီအစဉ်အရ လမ်းများ ပိတ်ထား သောကြောင့် သီးခြားဝင်ရောက်ခွင့် ကန့်သတ်မှုတွေ ရှိခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်မှု မရှိပါကြောင်းနှင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။
SD Guthrie ကုမ္ပဏီအနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်နိုင်ခြေရှိသည့် မုတ်သုံ ရာသီအတွင်း မျှော်မှန်းထားသည့် အခြေအနေများနှင့် ဘေးကင်းမှု မရှိနိုင်သည့် နယ်ပယ်ဒေသ အချို့ကို အစီအစဉ် ပြန်လည်ရေးဆွဲထားကြောင်း ကုမ္ပဏီကထပ်လောင်းပြောကြားခဲ့သည်။ တိကျ သော စစ်ဆေး အကဲဖြတ်မှုတစ်ခုပေးရန် စောလွန်းနေသေးသော်လည်း ကနဦးလေ့လာတွေ့ရှိချက် များအရ စားအုန်းဆီလုပ်ငန်းများအပေါ် သက်ရောက်မှုကို စီမံခန့်ခွဲနိုင်သည်ဟု အကြံပြုထားသည်။ ပုံမှန် လုပ်ဆောင်မှုများကို နယ်ပယ်များစွာတွင် ပြန်လည်စတင်နေပြီဖြစ်ပြီး အချို့မှာ ပြန်လည် ထူထောင် ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။
IOI Corp Bhd ကုမ္ပဏီသည်လည်း ရုတ်တရက်ရေကြီးမှုကြောင့် ၎င်း၏ ဆီအုန်းစိုက်ခင်း အချို့တွင် ရိတ်သိမ်းမှုကို အနည်းငယ် အထိအခိုက်ဖြစ်စေခဲ့ကြောင်း ကုမ္ပဏီက အစီရင်ခံတင်ပြ ထားပြီး ထိခိုက်သွားသည့်နေရာများကို သီးခြားသတ်မှတ်ထားမှု မရှိကြောင်း ဖော်ပြထားသည်။
မလေးရှား၏ ဒေသခံနယ်မြေအနည်းငယ်တွင် ရုတ်တရက်ရေကြီးရေလျှံမှု အများဆုံး ခံစားခဲ့ ရပြီး ကုမ္ပဏီက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သဖြင့် သိသိသာသာ ထိခိုက်မှုမရှိဘဲ လုပ်ငန်းများ မြန်မြန်ဆန်ဆန် ပြန်လည်စတင်နိုင်ခဲ့သည်ဟု အဆိုပါအဖွဲ့က The Edge သတင်းဌာနသို့ ပြောကြား ခဲ့သည်။ IOI ကုမ္ပဏီသည် အင်ဒိုနီးရှားရှိ ကယ်လီမန်တန် (Kalimantan) ကျွန်းများနှင့် မလေးရှားရှိ ပန်နီဆူလာ (Peninsular)နှင့် ဆာဘား (Sabah) ကျွန်းတို့တွင် စိုက်ခင်းများ ဖြန့်ကျက်ထားကာ ဆီအုန်းခြံ ၉၄ ခု နှင့် စက်ရုံ ၁၅ ခုကို စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း The Edge Malaysia သတင်းဌာန၏ ဖော်ပြချက်များကို တင်ပြလိုက်ရပါသည်။
Source: The Edge Malaysia, 08 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
