မိုဇမ်ဘစ်၊ မြန်မာနှင့် မာလာဝီတို့ထံမှ ပဲမျိုးစုံတင်သွင်းရန် သဘောတူညီချက်များကို အိန္ဒိယဘက်မှ သက်တမ်းတိုးမြှင့်ဖွယ်ရှိ

Powered by Drupal

      အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် (ဧပြီ-မတ်) ကာလအလွန်တွင် မိုဇမ်ဘစ်၊ မြန်မာ နှင့် မာလာဝီ နိုင်ငံများနှင့် အစိုးရချင်း သဘောတူညီချက် လက်မှတ်ရေးထိုးထားသော ပဲမျိုးစုံ ကုန် သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို သက်တမ်းတိုးမြှင့်မည့် အလားအလာရှိနေသည်ဟု အစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုချက်အရ သိရှိရကြောင်း Informist Media သတင်း ဝက်ဘ်ဆိုက်က ဖော်ပြပါသည်။

       ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်မှုကော်မတီ၌ ထိုကဲ့သို့ စာချုပ်များ သက်တမ်းတိုး မြှင့်ရန်အတွက် သဘောတူညီထားပြီးဖြစ်သော်လည်း တရားဝင်ကြေညာချက် မထုတ်ပြန်မီ ယင်း သုံးနိုင်ငံသို့ ပြည်ပရေးရာဝန်ကြီးဌာနမှတစ်ဆင့် သံတမန်ရေး ဆက်သွယ်ပေါင်းစပ်ညှိနှိုင်းမှုများကို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပဲစင်းငုံနှင့် မတ်ပဲ တို့ကို တင်သွင်းခွင့်ပြုမည့် ပမာဏနှင့် အချိန်သတ်မှတ်ချက်များဖြင့် အစိုးရချင်း သဘောတူညီချက် နားလည်မှုစာချွန်လွှာများ ချုပ်ဆိုထားရှိရာ လက်ရှိကာလ၌ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံတန်ချိန် ၂၀၀၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ပဲစင်းငုံတန်ချိန် ၁၀၀၀၀၀ နှင့် မတ်ပဲတန်ချိန် ၂၅၀၀၀၀ ကိုလည်းကောင်း၊ မာလာဝီနိုင်ငံမှ ပဲစင်းငုံ တန် ၅၀၀၀၀ ကိုလည်းကောင်း နှစ်စဉ် တင်သွင်းခွင့်ပြု ထားသည်။

     လက်ရှိတည်ဆဲ နားလည်မှုစာချွန်လွှာများကို တူညီသော ကုန်ပမာဏအတိုင်း ဆက်လက်၍ သက်တမ်းတိုးမည်ဖြစ်ကြောင်း၊ သို့သော် ထိုသို့ဆောင်ရွက်မည့်လုပ်ငန်းစဉ်မှာ ပြီးပြတ်ခြင်း မရှိသေး ကြောင်း အထက်ပါ အရာရှိက ပြောဆိုထားသည်။

      ၂၀၂၅-၂၆ သီးနှံစိုက်ပျိုးရေးနှစ် (ဇူလိုင်-ဇွန်) အတွင်း အိန္ဒိယ၏ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှု မှာ တန်ချိန် ၃.၆ သန်းခန့် ရှိနိုင်ပြီး နှစ်စဉ် ပြည်တွင်းစားသုံးမှုမှာ တန်ချိန် ၄.၄ သန်းခန့်ရှိရာ ဝယ်လို အား ကွာဟချက်အတွက် ပြည်ပမှ ဆက်လက်မှာယူ တင်သွင်းရမည့် အခြေအနေရှိသည်။

      ထို့အပြင် ယခုနှစ်မိုးသီးနှံရာသီ၌ မတ်ပဲစိုက်ပျိုးထုတ်လုပ်မှုမှာ ပထမအကြိမ် ကနဦးမျှော်မှန်း ထားသည့် တန်ချိန် ၁.၂ သန်းကို ပြည့်မီရန် အားနည်းလျက်ရှိပြီး ဆောင်းသီးနှံရာသီတွင် နယ်မြေ ဒေသအချို့၌ မတ်ပဲစိုက်ပျိုးမှု နှောင့်နှေးလျက်ရှိသဖြင့် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်စွမ်းအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဤအခြေအနေက နားလည်မှုစာချွန်လွှာများတွင် မတ်ပဲကို ပါဝင်ထည့်သွင်းရန် အရေးပါသည့် အချက်တစ်ရပ်ဖြစ်စေကြောင်း အဆိုပါအရာရှိက ပြောဆိုသည်။

      အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံတင်သွင်းရာတွင် တင်သွင်းခွင့်ခွဲတမ်း သတ်မှတ်ချက်အပေါ် အခြေ ပြုလျက် မိုဇမ်ဘစ်၊ မြန်မာနှင့် မာလာဝီတို့ကဲ့သို့သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထံမှ ပဲမျိုးစုံ တင် သွင်းရန် သီးခြားချဉ်းကပ်သည့်စနစ်ကို ကျင့်သုံးလျက်ရှိသည်။ လက်ရှိ ကုန်သွယ်မှု မူဘောင်အောက် ၌ ပဲစင်းငုံနှင့် မတ်ပဲတို့ တင်သွင်းခြင်းအပေါ် အကောက်ခွန်စည်းကြပ်ခြင်းကို ပြန်လည်အသက်သွင်း မည့် အခြေအနေမရှိသေးကြောင်း၊ အခွန်စည်းကြပ်မှု လုပ်ဆောင်ပါကလည်း ၎င်းကုန်စည်များကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထံမှ အများဆုံးတင်သွင်းလျက်ရှိသဖြင့် အကောက်ခွန် ကင်းလွတ်ခွင့်ပြု ရလိမ့်မည်သာဖြစ်ကြောင်း အစိုးရအရာရှိများက ပြောဆိုကြသည်။ အိန္ဒိယ အနေဖြင့် ဖွံ့ဖြိုးမှုအနည်း ဆုံးဟု ကုလသမဂ္ဂက သတ်မှတ်ထားသည့် နိုင်ငံများထံမှ ပဲစင်းငုံနှင့် မတ်ပဲ ကဲ့သို့သော ပဲမျိုးစုံ အပါ အဝင် တင်သွင်းသည့် ကုန်စည်အများစုအပေါ် အခွန်အထူးသက်သာမှု အခွင့်အရေး သို့မဟုတ် အကောက်ခွန် သုညရာခိုင်နှုန်း ခံစားခွင့်ပြုထားသည်။

      သီးခြားမူဝါဒရေးရာ သက်သာခွင့်အဖြစ် အိန္ဒိယအစိုးရက လက်ရှိပေးအပ်ထားသည့် ပဲစင်းငုံ နှင့် မတ်ပဲ အကောက်ခွန်လွတ် တင်သွင်းခွင့် အစီအစဉ်သည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့၌ ကုန် ဆုံးမည်ဖြစ်သည်။ ထိုနောက်ပိုင်းကာလတွင်မူ ပဲမျိုးစုံတင်သွင်းမှု လုပ်ငန်းတစ်ရပ်လုံးကို အစိုးရက ပြန်လည် ဆန်းစစ်သုံးသပ်မည့် အခြေအနေရှိကြောင်း သိရသည်။

      လတ်တလောကာလ၌ ပြည်ပမှတင်သွင်းလာသော ကုန်စည်များက ဈေးကွက်တွင်ကြီးစိုး လျက်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှလည်း ဈေးကွက်ဝင်ရောက်လျက်ရှိသဖြင့် အဓိက ထုတ်လုပ်ရာ ဈေးကွက်များတွင် ပဲစင်းငုံဈေးနှုန်းများမှာ ဖိအားများအောက်၌ ဆက်လက်ကျရောက်လျက်ရှိသည်။ ပဲစင်းငုံ ၁၀၀ ကီလိုရမ်၏ ဈေးနှုန်းသည် မဟာရဋ္ဌပြည်နယ်ရှိ  Latur နှင့် Akola ဈေးကွက်များတွင် ရူပီး ၆၀၀၀ မှ ၆၄၀၀ အတွင်းရှိပြီး ကာနာတကာပြည်နယ် Kalaburagi ဈေးကွက်၌ ရူပီး ၆၂၀၀ မှ ၆၅၀၀ အတွင်းရှိကြောင်း ကုန်သည်များက ပြောဆိုထားသည်။ ယင်းဈေးနှုန်းများသည် အစိုးရက အထောက်အပံ့ပြု ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သော ၁၀၀ ကီလိုရမ်လျှင် ရူပီး ၈၀၀၀ နှုန်း၏ အောက်သို့ များစွာနိမ့်ကျနေခြင်းဖြစ်သည်။

    အိန္ဒိယအစိုးရအနေဖြင့် အဆိုပါ ပဲမျိုးစုံ ကုန်သွယ်မှုဆိုင်ရာ အစိုးရချင်း သဘောတူညီချက် နားလည်မှုစာချွန်လွှာများကို ဆက်လက်ထားရှိရန် အတည်ပြုခဲ့ပါက ရှေ့လာမည့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ရာသီကာလတိုင်အောင် ဈေးနှုန်းများ မြင့်တက်မှုကို တားဆီးထိန်းသိမ်းထားနိုင်မည်ဖြစ် ကြောင်း ကုန်သည်များက ပြောဆိုလျက်ရှိကြသည်။

Source: Informist Media, 5 Dec 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)