၂၀၂၅-၂၆ သီးနှံရာသီနှစ်၌ ပဲစင်းငုံ တန်ချိန် ၃.၃ သန်းအထိ ထွက်ရှိမည်ဟု အိန္ဒိယအစိုးရ ခန့်မှန်း

Powered by Drupal

    အိန္ဒိယနိုင်ငံတွင် ယခုနှစ် ၂၀၂၅-၂၆ သီးနှံရာသီနှစ်၌ ပဲစင်းငုံ ထွက်ရှိမှုမှာ တန်ချိန် ၃.၂ သန်း မှ ၃.၃ သန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန် ချိန် ၃.၆ သန်းရှိခဲ့ရာမှ  ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် ‌‌လျော့နည်းဖွယ်ရှိကြောင်း အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ပဲစင်းငုံစိုက်ဧရိယာ များပြားသော် လည်း ထုတ်လုပ်မှုကျဆင်းရခြင်းမှာ ပုံမှန်မဟုတ်သော မိုးရေချိန်နှင့် သီးနှံအဓိက စိုက်ပျိုးသည့် ပြည်နယ်များတွင် ရာသီဥတုပြန်လည်ကောင်းမွန်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု ၎င်းအရာရှိကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

    ကာနာတကာပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်ရှိ ဒေသအချို့တွင် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိခဲ့သည်ဟု ကနဦးတင်ပြချက်အရ သိရှိခဲ့သော်လည်း ရာသီဥတု တိုးတက် ကောင်းမွန်လာချိန်တွင် သီးနှံအချို့မှာ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ၎င်းအရာရှိက ပြောကြားခဲ့ သည်။ ယခုနှစ် ပဲစင်းငုံစိုက်ဧရိယာစုစုပေါင်းမှာ ဟက်တာ ၄.၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။

    သို့ရာတွင် အဆိုးရွားဆုံးအခြေအနေတွင်ပင် ထုတ်လုပ်မှုသည် တန်ချိန် ၃ သန်းအောက် ကျဆင်းသွားမည်မဟုတ်ကြောင်း၊ မဟာရဋ္ဌပြည်နယ်ရှိ Vidarbha ဒေသ၌ အခြေအနေ ကောင်းမွန် ပြီး အထွက်နှုန်းမှာလည်း ယခင်ကစိုးရိမ်ခဲ့ရသည်ထက် ပိုမိုကောင်းမွန်မည်ဟု မျှော်မှန်းရကြောင်း ၎င်းအရာရှိက ပြောကြားခဲ့သည်။

    စျေးနှုန်းမြင့်တက်မှုနှင့် စိုက်ပျိုးမှုကောင်းမွန်ခြင်းတို့ကြောင့် ပဲစင်းငုံအထွက် တန်ချိန် ၃.၇ သန်းအထိ ရောက်ရှိမည်ဟု အစိုးရက ယခင်က မျှော်မှန်းထားသော်လည်း ကာနာတကာပြည်နယ် နှင့် ဂျာခန်ပြည်နယ်ရှိ အချို့ဒေသများတွင် ပြင်းထန်စွာနှင့် ကြာရှည်စွာ ရွာသွန်းခဲ့သော မိုးကြောင့် အထွက်နှုန်းများ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။ ကာနာတကာပြည်နယ်တွင် မိုးရွာသွန်းချိန်၌ သီးနှံများ သည် ကြီးထွားဆဲအဆင့်တွင်သာ ရှိနေခဲ့ကြောင်း၊ ဂျာခန်ပြည်နယ်မှ စုစုပေါင်းထွက်ရှိမည့် တန်ချိန် ၁၆၀,၀၀၀ မှ ၂၀၀,၀၀၀ ခန့်မှာ လုံးဝဆုံးရှုံးသွားခဲ့ရကြောင်း ၎င်းအရာရှိကြီးက ပြောကြားခဲ့သည်။

    အနောက်တောင်မုတ်သုံရာသီ ကုန်ဆုံးချိန်ကာလ၌ ပုံမှန်ထက်ပိုမိုရွာသွန်းခဲ့သော မိုးရေချိန် ကြောင့် အဓိကထုတ်လုပ်သည့်ဒေသများတွင် ရေဝပ်မှုများ ကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည်ဟု စိုက်ပျိုးရေးပညာရှင်များက ဆိုခဲ့သည်။ ကာနာတကာပြည်နယ်ရှိ Bidar နှင့် Kalaburagi ခရိုင်များ၊ မဟာရဋ္ဌပြည်နယ်ရှိ Yavatmal၊ Amravati  နှင့် Akola ခရိုင်များနှင့် ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ် အရှေ့ပိုင်းနှင့် Bundelkhand ဒေသအစိတ်အပိုင်းများတွင် ရေဝပ်မှုများကြောင့် သီးနှံကြီးထွားမှု နှောင့်နှေးကာ ပိုးမွှားကျရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အထွက်နှုန်းနှင့် ထုတ်လုပ်မှုတို့ ကျဆင်းသွား မည်ဖြစ်ကြောင်း  စိုက်ပျိုးရေးစီးပွားရေးပညာရှင် Deepak Pareek က အစောပိုင်းကာလများ၌ Informatist သို့ ပြောကြားထားသည်။

    ကုန်သည်လုပ်ငန်းနယ်ပယ်မှ ခန့်မှန်းချက်များသည် အစိုးရ၏ အကဲဖြတ်မှုနှင့် အများအား ဖြင့် ကိုက်ညီလျက်ရှိပြီး အများစုက ပဲစင်းငုံသီးနှံထွက်ရှိမှုကို တန်ချိန် ၃ သန်းခန့်ဟု ခန့်မှန်းထား ကြကြောင်း သိရပါသည်။ လွန်ခဲ့သည့် နှစ်နှစ်က ခန့်မှန်းချက်ဖြစ်သော တန်ချိန် ၂.၇ သန်းခန့်နှင့် ယှဉ်လျှင် ယခုအခြေအနေမှာ ဆိုးရွားသည့်အခြေအနေမဟုတ်ကြောင်း အဆိုပါအရာရှိကြီးက ပြောကြားခဲ့သည်။

    ပဲမျိုးစုံအနက် ပဲစင်းငုံသည် အိန္ဒိယ၏ အရေးပါဆုံး မိုးသီးနှံဖြစ်ပြီး မိုးသီးနှံပဲမျိုးစုံ စုစုပေါင်း ထုတ်လုပ်မှု၏ ၄၇ ရာခိုင်နှုန်းခန့်နှင့် ပဲမျိုးစုံစိုက်ဧရိယာ၏ သုံးပုံတစ်ပုံခန့် ရှိကြောင်း သိရပါသည်။ မဟာရဋ္ဌပြည်နယ်သည် တစ်နိုင်ငံလုံး ပဲစင်းငုံထုတ်လုပ်မှု၏ ၂၉ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပြီး ကာနာတကာပြည်နယ်မှာ ၂၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိကြောင်း၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်မှာ ၈ ရာခိုင်နှုန်း ထုတ်လုပ်ကြောင်း သိရှိရပါသည်။

    အဓိကထုတ်ကုန်တစ်ခုဖြစ်သော ပဲစင်းငုံသီးနှံ၏ နိုင်ငံအတွင်းထုတ်လုပ်မှုသည် ၂၀၂၂-၂၃ ခုနှစ်ကတည်းက တည်ငြိမ်မှု မရှိခဲ့ကြောင်း သိရသည်။ ၂၀၂၁-၂၂ ခုနှစ်၌ ထုတ်လုပ်မှု တန်ချိန် ၄.၂ သန်းရှိရာမှ အဆိုပါနှစ်တွင် မုတ်သုံအားနည်းမှုကြောင့် ထုတ်လုပ်မှုသည် တန်ချိန် ၃.၃ သန်းသို့ ကျဆင်းသွားခဲ့သည်။ ထိုအချိန်မှစ၍ ပဲစင်းငုံထုတ်လုပ်မှုသည် အနည်းငယ်မျှသာ တိုးတက်ခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၃.၄ သန်းသို့လည်းကောင်း၊ ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၃.၆ သန်းသို့ လည်းကောင်း ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Source: Informist Media, 11 November 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)