ပြည်ပသို့ သကြားတန်ချိန် ၁.၅ သန်း တင်ပို့ရန် အိန္ဒိယအစိုးရ ခွင့်ပြု

Powered by Drupal

      အိန္ဒိယနိုင်ငံတွင် သကြားမှ အီသနောလောင်စာထုတ်လုပ်ခြင်းသို့ ပြောင်းလဲအသုံးပြုမှု ကျဆင်းလျက်ရှိမှုနှင့်အတူ ပြည်တွင်း၌ သကြားလက်ကျန်ပိုလျှံမှု ပမာဏကြီးမားလာသဖြင့် ဈေးကွက်တင်ရောင်းဝယ်ရေး ရာသီအသစ်တွင် ပြည်ပသို့ သကြားတန်ချိန် ၁.၅ သန်း တင်ပို့ခွင့်ပြု မည်ဖြစ်ကြောင်း အစိုးရက နိုဝင်ဘာ ၁၄ ရက်နေ့၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

       ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်သော အိန္ဒိယမှ တင်ပို့မှု မြင့်တက်လာခြင်း သည် ငါးနှစ်တာကာလအတွင်း စံပြုဈေးနှုန်း အနိမ့်ဆုံးသို့ ကျဆင်းနေခဲ့သော နယူးယောက်နှင့် လန်ဒန် သကြားကြိုတင် အရောင်းဈေးကွက်များအပေါ် ဖိအားများ သက်ရောက်ဖွယ်ရှိနေသည်။ ထိုသို့ တင်ပို့နိုင်မှု မြင့်မားခြင်းက အိန္ဒိယပြည်တွင်း၌ သကြားလက်ကျန်ပမာဏကို လျှော့ချနိုင်ပြီး ဈေးနှုန်းများ ခိုင်မာမှုကို အထောက်အပံ့ပြုမည်ဖြစ်ရာ Balrampur Chini Mills, EID Parry, Dalmia Bharat နှင့် Shree Renuka Sugars တို့ကဲ့သို့သော သကြားထုတ်လုပ်သည့် လုပ်ငန်းကြီး များအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

      အဆိုပါ သကြားတန်ချိန် ၁.၅ သန်း တင်ပို့ခွင့်ခွဲတမ်း သတ်မှတ်ချက်ကို လွန်ခဲ့သော ဈေးကွက်ရာသီ သုံးခု၌ ၎င်းတို့၏ ပျမ်းမျှထုတ်လုပ်မှု ပမာဏအပေါ်မူတည်၍ လည်ပတ်လုပ်ကိုင် လျက်ရှိသော သကြားစက်လုပ်ငန်းများအကြား အချိုးကျ ခွဲဝေပေးမည်ဖြစ်ပြီး သကြားအဆင့် အတန်း အားလုံးကို တင်ပို့ခွင့်ပြုမည်ဖြစ်သည်။

      အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဈေးကွက်ရာသီနှစ်အထိ ငါးနှစ်တာကာလအတွင်း နှစ်စဉ် ပျမ်းမျှ သကြားတန်ချိန် ၆.၈ သန်းခန့် တင်ပို့မှုနှင့်အတူ ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံး နေရာ၌ ရပ်တည်ခဲ့သည်။ သို့သော် ရာသီဥတုခြောက်သွေ့မှုနှင့် ကြုံတွေ့ရပြီးနောက် ၂၀၂၃-၂၄ ခုနှစ်မှ စတင်၍ ပြည်ပသို့သကြားတင်ပို့မှုကို အစိုးရက ပိတ်ပင်တားမြစ်ခဲ့ပြီး ယမန်နှစ်၌ တန်ချိန် ၁ သန်းမျှကိုသာ တင်ပို့ရန် ခွင့်ပြုပေးခဲ့သည်။

      အိန္ဒိယနိုင်ငံ သကြားနှင့်ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း (ISMA) က အောက်တိုဘာ ၁ ရက်နေ့၌ စတင်ခဲ့သော ၂၀၂၅-၂၆ ဈေးကွက်တင်ရောင်းဝယ်ရေးနှစ်တွင် အိန္ဒိယ၏ သကြားထွက်ရှိ မှုမှာ အီသနောထုတ်လုပ်ရန်အတွက် ပြောင်းလဲသုံးစွဲမည့် တန်ချိန် ၃.၄ သန်းခန့်ကို နုတ်ပယ်ပြီး ပါက တန်ချိန် ၃၀.၉၅ သန်းခန့်ရှိနိုင်ကြောင်း၊ ယင်းပမာဏသည် ယခင်နှစ်ကထက် ၁၈.၅ ရာခိုင် နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

      ISMA အသင်းသည် နိုဝင်ဘာပထမပတ်အတွင်း၌ ဈေးကွက်ရာသီအသစ်တွင် သကြား တန် ချိန် ၂ သန်းအထိ တင်ပို့ခွင့်ပြုရန် အစိုးရထံ တောင်းဆိုထားခဲ့သည်။ ယခုနှစ်တွင် အီသနော ထုတ်လုပ်မှုသို့ ပြောင်းလဲသုံးစွဲရမည့် သကြားတန်ချိန်မှာ ၄.၅ သန်းမှ ၅ သန်းအကြား ရှိမည်ဟု အစောပိုင်းကာလများ၌ အဆိုပါအသင်းက ခန့်မှန်းထားခဲ့သော်လည်း အီသနောထုတ်လုပ်သည့် လုပ်ငန်းသို့ ဇီဝလောင်စာအဖြစ် ခွဲဝေချထားမှုစုစုပေါင်းတွင် သကြားသုံးစွဲမှုမှာ ၂၈ ရာခိုင်နှုန်းသာ ရှိပြီး ကျန်ပမာဏမှာ မွေးမြူရေးအစားအစာအခြေပြု အီသနောထုတ်လုပ်မှု လုပ်ငန်းများမှ ခွဲဝေ ရောက်ရှိခဲ့သည်။

      သကြားစက်ရုံများအနေဖြင့် ၎င်းတို့ခွဲဝေရရှိသည့် တင်ပို့ခွင့်ခွဲတမ်းကို တိုက်ရိုက်ဖြစ်စေ၊ ပို့ကုန်လုပ်ငန်းရှင် သို့မဟုတ် ပြန်လည်သန့်စင်သည့် စက်ရုံများမှ တစ်ဆင့်ဖြစ်စေ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကာလတွင်း တင်ပို့နိုင်ကြောင်း၊ ၎င်းတို့ရရှိသည့်ခွဲတမ်းကို အသုံး မပြုလိုပါက သကြားစက်များသည် ၂၀၂၆ ခုနှစ် မတ်လ ၃၁ နေ့နောက်ဆုံးထားလျက် စွန့်လွှတ်နိုင် ကြောင်း၊ ယင်းနောက်ပိုင်းကာလ၌ အစိုးရသည် ထိုသို့ သုံးစွဲခြင်းမရှိသော တင်ပို့ခွင့် ခွဲတမ်းများကို အခြားသော သကြားစက်များသို့ ပြန်လည်ခွဲဝေမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ၌ ဖော်ပြထား သည်။ အစိုးရ၏ ပြောဆိုချက်အရ တင်လဲရည် ပြည်ပသို့ တင်ပို့မှုအပေါ် စည်းကြပ်သည့် အခွန် ၅၀ ရာခိုင်နှုန်းကို ပြန်လည်ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Source: Economic Times, 14 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)