
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်နှင့် လိုက်လျောညီထွေရှိစေရန်နှင့် ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံရှိ ထိုင်းကုန်သွယ်ရေးရုံးများအား ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများကို ပြန်လည် ဆန်းစစ်ချိန်ညှိရန် ညွှန်ကြားထားသည်။
အဆိုပါ စီးပွားရေးမဟာဗျူဟာများသည် တရုတ် နိုင်ငံတကာသွင်းကုန် ပြပွဲ (၂၀၂၅) အခမ်း အနားတွင် တရုတ်ဝန်ကြီးချုပ် Li Qiang မှ ကြေညာထားခဲ့သော တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် ကိုက်ညီရမည်ဖြစ်သည်ဟု ဝန်ကြီး Mrs Suphajee Suthumpun က ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရသည် အစိမ်းရောင် စီးပွားရေး၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကို အားပေးမြှင့်တင်ခြင်းတို့အပြင် အလယ်အလတ် အဆင့် လူတန်းစား၏ ဝင်ငွေကိုလည်း မြှင့်တင်ရန် ဦးတည်လျက်ရှိသည်။
ထိုင်းနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ လူသုံးနှင့်စားသောက်ကုန်များ၊ တိရစ္ဆာန် အစားအစာများ၊ ကျန်းမာရေးအစားအစာများ၊ ဂိမ်းများနှင့် ဒီဂျစ်တယ်ထုတ်ကုန်များကဲ့သို့ တရုတ် ဈေးကွက်သို့ ဝန်ဆောင်မှုပေးနိုင်သည့် သီးခြားကဏ္ဍများကို ဖော်ထုတ်ရန်အတွက် အဆိုပါ ၅ နှစ် တာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို ဆန်းစစ်လေ့လာရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အလယ် အလတ်တန်းစား လူဦးရေကို သန်း ၄၀၀ မှ သန်း ၈၀၀ သို့ နှစ်ဆတိုးရန် ရည်မှန်းထားခြင်းသည် ထိုင်းနိုင်ငံအတွက် ကြီးမားသော ဈေးကွက်အခွင့် အလမ်းဖြစ်နိုင်သောကြောင့် ၎င်းအစီအစဉ်ကို ဆန်းစစ်လေ့လာခြင်းသည် အလွန်အရေးပါကြောင်း Mrs Suphajee က ပြောကြားခဲ့သည်။
တရုတ်စားသုံးသူများသည် ယခုအခါ ဈေးနှုန်းချိုသာမှုထက် တီထွင်ဆန်းသစ်မှု၊ အရည် အသွေးနှင့် ရေရှည်တည်တံ့နိုင်မှုကို ပိုမိုအလေးထားလာကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံဆိုင်ရာ စီးပွားရေးသံမှူးများ အနေဖြင့် တရုတ်နိုင်ငံရှိ ပြည်နယ်အသီးသီး၏ ထူးခြားသော အခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများကို အကဲဖြတ်ကာ ထိရောက်သော ဈေးကွက်ဝင်ရောက်မှု ဗျူဟာများ ရေးဆွဲသင့် ကြောင်း Mrs Suphajee က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် တွေ့ဆုံသည့် အစည်းအဝေးအတွင်း တရုတ်နိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံမှူးများသည် ထိုင်းပို့ကုန်များအတွက် ဒေသဆိုင်ရာ ကုန်သွယ် ရေးအခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့် ရည်မှန်းထားသည့် ထုတ်ကုန်အမျိုးအစားများကို အဓိက အုပ်စု ငါးခုဖြင့် တင်ပြခဲ့ကြသည်။
ပထမအုပ်စုတွင် စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များဖြစ်သည့် ဆန်၊ ဒူးရင်း၊ သရက်၊ မင်းဂွတ်သီးစသည့် အပူပိုင်းဒေသထွက် သစ်သီးဝလံများနှင့် ပြုပြင်ထားသော အစားအစာ များ၊ အသင့်စား အစားအစာများနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ကြောင်း၊ ဒုတိယအုပ်စုတွင် တရုတ်နိုင်ငံ၏ မြို့ပြ အိမ်မွေးတိရစ္ဆာန်ယဉ်ကျေးမှု တိုးတက်လာသည့်အတွက် အိမ်မွေးတိရစ္ဆာန် အစာနှင့် အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်မှု ပစ္စည်းများကဲ့သို့ အိမ်မွေးတိရစ္ဆာန်ဆိုင်ရာထုတ်ကုန်များ ပါဝင်ကြောင်း သိရှိရသည်။
တတိယအုပ်စုတွင် ကျန်းမာရေးဝန်ဆောင်မှု၊ ချွေးထုတ်အနှိပ်ခန်းသုံး ပစ္စည်းများ၊ အုန်းရည်၊ အပင်မှထုတ်ယူရရှိသည့် ပရိုတင်းထုတ်ကုန်၊ ငှက်သိုက်ထုတ်ကုန် စသည့် ကျန်းမာရေးနှင့် အလှအပ ဆိုင်ရာ ကုန်စည်များပါဝင်ကြောင်း စီးပွားရေးသံမှူးများက ဖော်ထုတ်တင်ပြခဲ့ကြသည်။
အခြားသော ဈေးကွက်ဝင်နိုင်သည့် ထုတ်ကုန်အမျိုးအစားမှာ ဂေဟစနစ်နှင့်လိုက်လျောညီ ထွေရှိ၍ ရေရှည်တည်တံ့နိုင်သော ထုတ်ကုန်များဖြစ်ပြီး ဇီဝဗေဒနည်းဖြင့် သဘာဝပြိုကွဲပျက်စီးနိုင် သော ထုပ်ပိုးမှုပစ္စည်းများ၊ အော်ဂဲနစ်အလှကုန်ပစ္စည်းများ၊ ပြန်လည်ပြုပြင်ထားသော အဝတ်အစား များ၊ သဘာဝအိမ်တွင်း အလှဆင်ပစ္စည်းများနှင့် ဂေဟအကျိုးပြုခရီးသွားလုပ်ငန်းတို့ ပါဝင်သည်။ နောက်ဆုံးအုပ်စုတွင် ဉာဏဆိုင်ရာမူပိုင်ခွင့်ထုတ်ကုန်များ၊ ရုပ်ရှင်များ၊ ဂိမ်းများနှင့် ကာတွန်းများ ကဲ့သို့ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်အကြောင်းအရာများ ပါဝင်သည်။
ဝန်ကြီး Mrs Suphajee သည် ထိုင်းအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက တရုတ်နိုင်ငံ၌ စီစဉ်ကျင်းပသည့် ထိုင်း-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကွန်ရက်ချိတ်ဆက်ပွဲသို့ ဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ပါသည်။ ၎င်း တွေ့ဆုံပွဲကို တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (၂၀၂၅) အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့သည့် ထိုင်းလုပ်ငန်းရှင်များနှင့် တရုတ် ဝယ်လက်များ၊ တရုတ် သွင်းကုန်လုပ်ငန်းရှင်များအကြား စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
Source: Bangkok Post, 7 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
