ထိုင်းနိုင်ငံ၏ ၂၀၂၆ ခုနှစ်ဆန်တင်ပို့မှုကိုခန့်မှန်းခဲ့သည့် ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း

Powered by Drupal

     များစွာသောအနုတ်လက္ခဏာဆောင်သည့်အကြောင်းအရာများကြောင့် ၂၀၂၆ ခုနှစ်တွင် ဆန်တင်ပို့မှုငြိမ်သက်နိုင်ပြီး ပို့ကုန်လုပ်ငန်းရှင်များသည် ၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုကို တန်ချိန် ၇.၅ သန်းဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့သူ များအသင်း၏ဥက္ကဌဖြစ်သူ Charoen Laothamatas က ၂၀၂၅-၂၀၂၆ အတွက် ထိုင်းနိုင်ငံ၏ဆန် ထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၂၄ သန်းရောက်ရှိရန်ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အစမှ အောက်တိုဘာ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာ တန်ချိန် ၆.၄ သန်းရှိခဲ့ ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ Mr Charoen က အိန္ဒိယကတင်ပို့မှုပြန်လည်စတင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာရောင်းလိုအားမြင့်တက် လာခြင်းနှင့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အစရှိသည့် အဓိကဝယ်ယူသူများက တင်သွင်းမှုရပ်တန့်ခဲ့ ခြင်းကြောင့် ဆန်ဖြူတင်ပို့မှုမှာ သိသာထင်ရှားစွာကျဆင်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ဆန်ဖြူတင်ပို့မှုမှာ တန်ချိန် ၂.၉ သန်းရှိပြီး ၄၃ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ပြည်တွင်းဈေးနှုန်းများမှာလည်း ဆက်လက်ကျဆင်းနေကြောင်း သိရပါ သည်။ သို့သော် ထိုင်းနိုင်ငံ၏ hom mali ဆန်တင်ပို့မှုမှာမူ တန်ချိန် ၁.၄၉ သန်းဖြင့် ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ hom mali ဆန်အဓိကတင်သွင်းသည့်နိုင်ငံများမှာ အမေရိကန်၊ ဟောင်ကောင်နှင့် ကနေဒါတို့ဖြစ်ကြောင်း သိရပါသည်။ Mr Charoen ကယခုနှစ်အတွက် စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းနီးပါး ရောက်ရှိနိုင်ပြီး ကနဦးရည်မှန်းချက် ၇.၅ သန်းကိုကျော်ဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အသင်းက ၂၀၂၆ ခုနှစ်အတွက်တင်ပို့မှုရည်မှန်းချက်ကို ဆန်ဖြူ ၃.၅ သန်း၊ hom mali ဆန် ၁.၇ သန်း၊ ပေါင်းဆန် ၁.၄ သန်း၊ ထိုင်းဆန်မွှေး ၆၀၀၀၀၀ နှင့် ဆန်စေး ၃၀၀၀၀၀ ပါဝင်သော စုစုပေါင်း တန်ချိန် ၇.၅ သန်း ချမှတ်ထားကြောင်း သိရပါသည်။ Mr Charoen က ထိုင်းဆန် တင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကို ဖြည့်စည်းရန်အတွက် ဆန်အမျိုးအစား အသစ်များ စိုက်ပျိုးရန် လိုအပ်မှုနှင့် ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များ ပါဝင်သော များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုအရ ၂၀၂၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ သည် ဆန်တန်ချိန်ပမာဏ ၂၅ သန်းတင်ပို့ပြီး ကမ္ဘာ့ ထိပ်တန်းဆန်တင်ပို့သူ အဖြစ်ရပ်တည်ပြီး ၎င်း၏နောက်တွင် ဗီယက်နမ်က တန်ချိန် ၇.၉ သန်းနှင့် ထိုင်းနိုင်ငံက တန်ချိန် ၇.၂ သန်းတင်ပို့ရန်ခန့်မှန်းထားကြောင်း သိရပါ သည်။

DOCA (ရန်ကုန်)