
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော် တင်ပို့ရန် လျာထား ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။
"ဒီဘဏ္ဍာနှစ်ထဲမှာ ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၁.၈ သန်းကျော်တင်ပို့ဖို့ လျာထား ပြီး ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံလောက်ရဖို့ မျှော်မှန်းထားပါကြောင်း၊ ပြည်တွင်းက ထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံကို အဓိကတင်ပို့ပြီး တခြားပြည်ပ နိုင်ငံတွေကိုလည်း တင်ပို့ပါတယ်။ ဈေးကွက်အသစ် ရှာဖွေတင်ပို့တာထက် ရှိပြီးသား ဈေးကွက် ကို ပိုမိုတင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေ ပါတယ်" ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားကြောင်း သိရှိရပါသည်။
ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင် မတ်ပဲကို အဓိကတင်ပို့နေပြီး ပဲတီစိမ်း၊ ပဲစင်းငုံ အပါအဝင် ပဲအမျိုးအစား ပေါင်း ၂၀ ကျော်ကို တင်ပို့နေခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေပြီး တရုတ်နိုင်ငံနှင့် ဥရောပဈေးကွက်များသို့ပါ တင်ပို့နေကြောင်း သိရသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က မြန်မာပဲမျိုးစုံ တန်ချိန် ၂.၁၄ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
