တည်ငြိမ်မှုအားကောင်းနေသည့် ဗီယက်နမ်ငရုတ်ကောင်း

Powered by Drupal

           လွန်ခဲ့သည့်နှစ်တွင် ဈေးနှုန်းသိသာစွာမြင့်တက်ခဲ့သော်လည်း ရောင်းလိုအားနည်းပါးမှုနှင့် မြင့်မားသည့်ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကြောင့် ဗီယက်နမ်၏ ငရုတ်ကောင်းကဏ္ဍသည် ၎င်းတို့၏ကမ္ဘာ့ထိပ်တန်းနေရာတွင် တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံတန်ဖိုးရှိသောငရုတ်ကောင်းတန်ချိန် ၁၈၈၀၀၀ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၆.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၂၈.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏အဆိုအရ သိရပါသည်။ ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ၆၇၇၄ အမေရိကန်ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေး အကြိုင်အသင်းက ဗီယက်နမ်၊ ဘရာဇီး၊ အိန္ဒိယနှင့် အင်ဒိုနီးရှားကဲ့သို့သောအဓိက ထုတ်လုပ်သူများသည် ပြင်းထန်သောရာသီဥတုကြောင့်အထွက်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိလျှော့ကျခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာရောင်းလိုအားကို နည်းပါးစေခဲ့ခြင်းက ၂၀၂၅ ခုနှစ်၏ပထမ ၆ လတွင် ပျမ်းမျှဈေးနှုန်းများကို ၇၀ ရာခိုင်နှုန်းမြင့်တက်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ပင်လယ်နီနှင့် ဆူးအတ်တူးမြောင်းတွင် မတည်ငြိမ်ခြင်းက ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များကို မြင့်တက်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစားသုံးနှုန်းမှာ နှစ်စဉ် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းကြီးထွား‌နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းထုတ်လုပ်မှုမှာ အယ်နီနိုသက်ရောက်မှုကြောင့် တန်ချိန် ၁၈၀၀၀၀ ထိကျဆင်းရန်ခန့်မှန်းရကြောင်း သိရပါသည်။ ဈေးနှုန်းမြင့်တက်စေသည့် အခြားအချက်တစ်ခုမှာ တတိယနိုင်ငံမှတစ်ဆင့်တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည့် အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒကြောင့်ဖြစ်ပြီး ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များမှာ ဘရာဇီးထံမှငရုတ်ကောင်းကုန်ကြမ်း တင်သွင်းမှုကိုလျှော့ချကာ ပြည်တွင်းစိုက်ပျိုးရေးသမားထံမှ ပိုမိုဝယ်ယူရလျက်ရှိကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက လတ်တလောကာလဈေးနှုန်း မြင့်တက်ခြင်းသည် ဗီယက်နမ်ငရုတ်ကောင်းကဏ္ဍအား ပြုပြင်ထုတ်လုပ်မှုအဆင့်မြှင့်တင် ရန်၊ ပို့ကုန်ဈေးကွက်များကွဲပြားရန်နှင့် ရေရှည်ကြီးထွားရေးအတွက် အားကောင်းသော နိုင်ငံတော်အမှတ်တံဆိပ်တည်ဆောက်ရန် အခွင့်အလမ်းကို ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                          

DOCA (ရန်ကုန်)