
ဘရာဇီးသမ္မတ Luiz Inacio Lala da Silva က ဘရာဇီးနှင့် အင်ဒိုနီးရှားကြား စီးပွားရေးချိတ်ဆက်မှုသည် လတ်တလောကုန်သွယ်ရေးပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ထိကြီးထွားနိုင်ရန် သိသာထင်ရှားသော အလားအလာရှိကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ က ပြောကြားခဲ့ပါသည်။ Lula က ၎င်းသည် အင်ဒိုနီးရှားသမ္မတ Prabowo Subianto အား အဘယ်ကြောင့် လူဦးရေသန်း ၅၀၀ နီးပါးရှိသည့် ဘရာဇီးနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံကြီး ၂ ခု၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံသာလျှင်ရှိသနည်းဟုမေးမြန်းခဲ့ကြောင်းနှင့် ထိုကိန်းဂဏန်းပမာဏသည် နှစ်နိုင်ငံစလုံးအတွက်အလွန်သေးငယ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားသည် ဘရာဇီးစိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှု၏ ၅ ခုမြောက် အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ Lula က ဇူလိုင်လတွင် Prabowo ၏ ဘရာဇီး နိုင်ငံသို့အလည်အပတ်ခရီးအတွင်း ဘရာဇီးပို့ကုန်များ အင်ဒိုနီးရှားသို့ ဈေးကွက်လမ်းကြောင်း တိုးတက်ခြင်းပါဝင်သော ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ခဲ့ကြောင်းနှင့် စိုက်ပျိုးမွေးမြူရေးကို ကျော်လွန်၍ တန်ဖိုးမြှင့်ကုန်ပစ္စည်းများတွင် ကုန်သွယ်မှုအခွင့်အလမ်းများရှိနေကြောင်း ပြောကြားခဲ့ပါသည်။ စွမ်းအင်ကဏ္ဍတွင် နှစ်နိုင်ငံသည် သန့်စင်သောစွမ်းအင်အသွင်ကူးပြောင်းမှု အတွက်အရေးပါသော အရေးကြီးသတ္တုများစီမံခန့်ခွဲခြင်းတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ သတ္တုတူးဖော်ရာတွင်ပူးပေါင်းဆောင်ရွက်ခြင်းသည် စွမ်းအင်ဝန်ကြီးဌာန ၂ ခုအကြား လတ်တလောလက်မှတ်ရေးထိုးခဲ့သည့် MoU မှတစ်ဆင့် အားကောင်းနိုင်ကြောင်း သိရပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် Preferential Trade Agreement (PTA) ညှိနှိုင်း ဆွေးနွေးမှုများကို ဘရာဇီးသမ္မတ ဒီဇင်ဘာလတွင်သက်တမ်း မကုန်မီအပြီးသတ်နိုင်ရန်အတွက် အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရပါသည်။ Lula ၏ အောက်တိုဘာလ ၂၂ မှ ၂၄ ရက်နေ့အထိ အလည်အပတ်ခရီးစဉ်သည် ၎င်း၏ အရှေ့တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစ၍ အင်ဒိုနီးရှားသို့ ၎င်း၏ ဒုတိယအကြိမ်မြောက်အလည်အပတ်ခရီးစဉ်ဖြစ်ကြောင်း သိရှိရ ပါသည်။
Antara News
DOCA (ရန်ကုန်)
