ဆန်ကုန်သွယ်မှု သဘောတူညီချက် စင်ကာပူနှင့် ဗီယက်နမ် လက်မှတ်ရေးထိုး

Powered by Drupal

     ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ဆန်ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြရာ စင်ကာပူအစိုးရမှ တောင်းဆိုချိန်၌ သဘောတူညီထားသည့် စည်းမျဥ်းများအတိုင်း နှစ်ဖက်အပြန်အလှန် သဘောတူထားသော ဆန် ပမာဏကို ဗီယက်နမ်မှ စင်ကာပူသို့ အတားအဆီးမရှိ တင်ပို့နိုင်မည်ဖြစ်ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြပါသည်။

     အဆိုပါ ဆန်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) မှ စီးပွားရေးခေါင်းဆောင်များ၏ ဆွေး နွေးပွဲ သီတင်းပတ်၌ စင်ကာပူဘက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် ကုန်သွယ်မှု ဆက်ဆံရေးတာဝန်ခံ Ms. Grace Fu နှင့် ဗီယက်နမ်ဘက်မှ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Mr. Nguyen Hong Dien တို့ သီးခြားတွေ့ဆုံ၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် အဆိုပါနားလည်မှုစာချွန်လွှာသည် တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ဆန်ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ဖော်ပြထားသည်။

     ၎င်းသဘောတူညီချက်သည် မလိုအပ်သော ကုန်သွယ်မှုကန့်သတ်ချက်များကို ရှောင်ရှားခြင်း ဖြင့် နှစ်နိုင်ငံ စားနပ်ရိက္ခာဖူလုံရေးကို အားကောင်းလာစေရန် ကူညီပေးမည်ဖြစ်သည်။ ယင်းသည် စင်ကာပူနိုင်ငံ၏ ဆန်ကုန်သွယ်ဖက်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် ပထမဆုံး ဆန်ကုန်သွယ်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာဖြစ်ပြီး ဆန်အတွက် စင်ကာပူ၏ အကြီးဆုံး ဆန်တင်သွင်း ရယူသည့် နိုင်ငံများအနက် တစ်ခုဖြစ်သည့် ဗီယက်နမ်နှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း  အပေါ် ဝမ်းမြောက်ကြောင်း Ms. Fu က ပြောကြားခဲ့သည်။

     စင်ကာပူသည် နိုင်ငံပေါင်း ၃၀ ခန့်ထံမှ ဆန်ဝယ်ယူတင်သွင်းလျက်ရှိပြီး နိုင်ငံ၏ စားနပ် ရိက္ခာလိုအပ်ချက်အတွက် အများစုကို တင်သွင်းမှုအပေါ် အမှီပြုနေရကြောင်း၊ စင်ကာပူနိုင်ငံ အနေ ဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်းမှ လွတ်ကင်းမှု မရှိကြောင်း၊ စင်ကာပူအတွက် တည်ငြိမ်သည့် ဆန်ထောက်ပံ့မှု သေချာခိုင်မာစေရန်မှာ ကမ္ဘာနှင့် ဒေသတွင်း မိတ်ဖက်ဆက်ဆံရေးများ ခိုင်မာလုံခြုံမှုရှိရန် လိုအပ်ပါကြောင်း Ms. Fu က ပြောကြားခဲ့သည်။

     အဆိုပါ သဘောတူညီချက်သည် စင်ကာပူနှင့် ဗီယက်နမ်ကြား ချိတ်ဆက်မှုကို အားကောင်း စေပြီး ကမ္ဘာ့ဈေးကွက်၏ ခန့်မှန်းမရနိုင်သော ဖြစ်စဉ်များအကြားတွင် တည်ငြိမ်သော ပူးပေါင်း ဆောင်ရွက်မှုအတွက် အဆင့်တစ်ခုဖြစ်ကြောင်း၊ ဆန်ကုန်သွယ်မှု၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ခြင်းသည် အာဆီယံဒေသအတွင်း ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုနှင့် စားနပ်ရိက္ခာဖူလုံမှု အတွက် ပူးတွဲ ကြိုးပမ်းအားထုတ်မှုများကို မြင်သာထင်သာရှိသော သရုပ်ပြမှုဖြစ်ကြောင်း၊ ရှေ့ဆက်၍ ဂုဏ် သိက္ခာရှိသည့် အရည်အသွေးမြင့် ဗီယက်နမ် စိုက်ပျိုးရေးနှင့် အစားအသောက် ထုတ်ကုန်များကို စင်ကာပူဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် နှစ်နိုင်ငံဘက်မှ သက်ဆိုင်ရာအာဏာပိုင်များသည် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း ဗီယက်နမ် ဝန်ကြီး Mr. Dien က ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်သည် စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ကြား မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေး (CSP) ကို အကောင်အထည်ဖော်ရာတွင် ခိုင်မာသော ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု Mr Dien က ပြောကြားခဲ့သည်။ စင်ကာပူနှင့် ဗီယက်နမ် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ယခုနှစ် မတ်လ၌ မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေးအဖြစ်သို့ တိုးမြှင့် ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်သည်။

Source: Channel News Asia, 30 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)