မဲခေါင်ဒယ်တာဒေသတွင် အစိမ်းရောင်စိုက်ပျိုးရေးအရှိန်မြှင့်တင်မည့် ဗီယက်နမ်နှင့် ဂျပန်

Powered by Drupal

          ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် ဂျပန်၏ စိုက်ပျိုးမွေးမြူ‌ရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန MAFF) နှင့် ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး  တို့နှင့်ပူးပေါင်း၍ မဲခေါင်ဒယ်တာဒေသတွင် နည်းပညာမြင့်မားပြီးကာဗွန်ထုတ်လွှင့်မှုနည်းပါးသော အစိမ်းရောင်ဆန်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့က တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗီယက်နမ် စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဒုတိယဝန်ကြီး Tran Thanh Nam၊ MAFF ဒုတိယဝန်ကြီး Yoichi Watanabe နှင့် ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Pham Quang Hieu တို့ပူးတွဲ ကြီးမှူးကျင်းပသည့် ထိုဆွေးနွေးပွဲသည် နှစ်နိုင်ငံစလုံးမှ အစိုးရအေဂျင်စီများ၊ အသင်းများ၊ သမဝါယမအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူ ၁၅၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ဂျပန်ကုမ္ပဏီ ၇၀ ကျော်က အစိမ်းရောင်စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ Hieu က ဘဏ္ဍာရေးအရင်းအမြစ်များ၊ အဆင့်မြင့်နည်းပညာ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးစံနှုန်းများနှင့် သဘာဝပတ်ဝန်းကျင်ကို တာဝန်ယူမှုတို့တွင် ပံ့ပိုးပေးသည့် ဂျပန်၏အခန်းကဏ္ဍကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အောင်မြင်သည့်ပူးပေါင်းဆောင်ရွက်မှုပုံစံများတွင် Lam Dong တွင် နည်းပညာမြင့်စိုက်ပျိုးရေး၊ မဲခေါင်ဒယ်တာဒေသတွင် စိုက်ပျိုးရေးထုတ်ကုန်ပြုပြင်ထုတ်လုပ်မှုတွင် မိတ်ဖက်ဖွဲ့မှုနှင့် စိုက်ပျိုးရေးလုပ်သားများအား ကျွမ်းကျင်မှုမြင့်မားစေရန် လေ့ကျင့်ပေးမှုတို့ပါဝင်ကြောင်း သိရပါသည်။ Hieu က အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံး ဆန်စိုက်ပျိုးသည့် ဒေသဖြစ်သည့် မဲခေါင် ဒယ်တာဒေသသည် ရာသီဥတုပြောင်းလဲမှု၊ ဆားငံရေဝင်ရောက်လာမှုနှင့် မြေအောက်ရေထုတ်ယူ သုံးစွဲမှုများခြင်းကြောင့် မြေနိမ့်ကျခြင်းတို့ကြောင့် ပြင်းထန်သောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး စိမ်းလန်းပြီးစမတ်ဖြစ်ကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပုံစံကို အရေးပေါ်လိုအပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်ကစတင်ဆောင်ရွက်မည့် အရည်အသွေးမြင့်ပြီး ကာဗွန်ထုတ်လွှင့်မှုကို လျှော့ချပေးမည့် ဆန်စိုက်ခင်း ဟတ်တာ ၁ သန်းတည်ထောင်မည့်စီမံကိန်းသည် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှင့်မှုကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကိုလျှော့ချပေးပြီး စိုက်ပျိုးရေး သမားများ၏ ဝင်ငွေကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ သံအမတ်ကြီးက ထိုစီမံကိန်းအောင်မြင်မှုရရှိရန်အတွက် ဂျပန်နိုင်ငံထံမှ အမြော်အမြင်ရှိသော မိတ်ဖက်များလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် သံအမတ်ကြီးက ဆွေးနွေးပွဲအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များနှင့် MoU များသည်  မဲခေါင်ဒယ်တာဒေသ တစ်လျှောက်ရှိဒေသများတွင် လက်တွေ့ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် သုတေသနနှင့် နည်းပညာလွှဲပြောင်းမှုတို့မှသည် ဘက်ပေါင်းစုံ ပူး‌ပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ စလုံးမှအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများသည် ပူးပေါင်းဆောင်ရွက်မှု၏အဓိကအချက်များကို သဘောတူညီခဲ့ကြပြီး ဗီယက်နမ်-ဂျပန်ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလွှဲပြောင်းမှုတို့တွင် ရှေ့ဆက်ရန် ခိုင်မာသောခြေလှမ်းတစ်ရပ်ဖန်တီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)