ရုရှားသည် တရုတ်နိုင်ငံသို့ အစေ့ထုတ်ပြောင်း အဓိကပေးသွင်းသူအဖြစ် ရောက်ရှိ

Powered by Drupal

     ရုရှားသည် ဘရာဇီး၊ မြန်မာနှင့် အမေရိကန်တို့ကို ကျော်လွန်လျက် တရုတ်နိုင်ငံသို့ အစေ့ ထုတ်ပြောင်း တင်ပို့သည့် အကြီးမားဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာကြောင်း  UkrAgroConsult သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။

    ရုရှားစိုက်ပျိုးရေးပို့ကုန်ဗဟိုဌာန (Russian Federal Center “Agroexport”) ၏ အချက် အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရုရှားနိုင်ငံသည် ပြောင်းတန်ချိန် ၂၈၇၀၀၀ ကျော်ကို တရုတ်ဈေးကွက်သို့ တင်ပို့ခဲ့ရာ ယခင်နှစ် ကာလတူ၌ တင်ပို့ခဲ့သော တန်ချိန် ၉၆၀၀၀ ထက် သုံးဆကျော် ပိုမိုလာကြောင်း သိရသည်။ ပို့ကုန်တန်ဖိုးအရမူ ၂၀၂၄ ခုနှစ် ကာလတူ ၌ ရရှိခဲ့သည့် ဝင်ငွေ ဒေါ်လာ ၂၂ သန်းအပေါ် ၃.၁ ဆ တိုးတက်လျက် ဒေါ်လာသန်း ၇၀ အထိ ရရှိ ခဲ့ခြင်းဖြစ်သည်။

   တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ပြောင်းတန်ချိန် ၁၀ သန်းကျော် တင်သွင်းခဲ့သော်လည်း ယခုနှစ် ပထမရှစ်လအတွင်း၌ တန်ချိန် ၇၈၅၃၀၀ မျှသာ တင်သွင်းထားခဲ့သည်။ လွန်ခဲ့သော ၅ နှစ် တာ ကာလအတွင်း တရုတ်နိုင်ငံ၏ ပျမ်းမျှ နှစ်စဉ်ပြောင်းတင်သွင်းမှုမှာ တန်ချိန် ၁၁.၁ သန်းဖြစ်ရာ ယခင်နှစ် တင်သွင်းမှုသည် ၅ နှစ်အတွင်းအနိမ့်ဆုံးဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှု လျော့ကျလာခြင်းသည် ပြည်တွင်း၌ ထုတ်လုပ်မှုမြင့်မားလာခြင်း၊ ကုန်လက်ကျန် စုဆောင်းမှု မြင့် တက်လာခြင်း၊ စီးပွားရေးတိုးတက်မှု နှေးကွေးလာမှုနှင့်အတူ ဝယ်လိုအား နည်းပါးလာခြင်း စသည့်အချက်များနှင့် ဆက်စပ်လျက်ရှိသည်။

 အဆိုပါ အခြေအနေ၌ ယခင်က တရုတ်ဈေးကွက်သို့ ပြောင်းအဓိကပေးသွင်းသူဖြစ်သော ဘရာဇီးနိုင်ငံထံမှ တင်သွင်းမှုမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်၌ တန်ချိန် ၅.၇၆ သန်းရှိခဲ့ရာမှ ယခုနှစ် အလားတူကာလတွင် တန်ချိန် ၂၄၅၀၀၀ သို့ သိသာစွာ ကျဆင်းခဲ့ပြီး ဇွန်လအတွင်း ဘရာဇီး ပြောင်းတင်သွင်းမှု လုံးဝ မရှိခဲ့ကြောင်း သိရှိရသည်။ ယူကရိန်းထံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု သည်လည်း မေလတွင် တန်ချိန် ၁၀၆၅၀၀ ရှိရာမှ ဇွန်လ၌ ၆၅၇၀၀ တန်သို့ ကျဆင်းခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှ တင်ပို့ခဲ့ပြီးသည့် ပြောင်းကုန်ချိန် စုစုပေါင်းမှာ ၂၃၁၀၀၀ တန်သာရှိသည်။

      ရုရှားနိုင်ငံအနေဖြင့် ပြိုင်ဖက်များ၏ တင်ပို့မှုကျဆင်းနေခြင်းကို အခွင့်အရေး ရယူလျက် ယခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၁၉၀၀ အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ပထမ နှစ်ဝက်အတွင်း တန်ချိန် ၂၀၁၄၀၀ တင်ပို့နိုင်သဖြင့် ယခင်နှစ် ကာလတူထက် နှစ်ဆကျော် တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်ဈေးကွက်သို့ ယခင်နှစ် ကာလတူ၌ တန်ချိန် ၁.၃၈ သန်းတင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက အမေရိကန်၏ ပြောင်းတင်ပို့မှုမှာ ယခုနှစ်တွင် တန်ချိန် ၂၀၀၀၀ ခန့်ဖြင့်သာ ရပ်ဆိုင်းနေခဲ့ပြီး ဤအချက်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ကန့်သတ်မှုများ နှင့် နိုင်ငံရေးအရ ဆက်ဆံရေးတိုးတက်မှု အခြေအနေတို့ကို ထင်ဟပ်လျက်ရှိသည်။

Source: UkrAgroConsult, 8 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)