ပုသိမ်မြို့ပေါ်ရှိ ထောပတ်သီးဈေးနှုန်း အခြေအနေ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်တွင် ဒေသထွက်ကုန်များနှင့်အတူ အနယ်နယ် အရပ်ရပ်မှ တင်သွင်းလာသော လူသုံးကုန်၊ စားသောက်ကုန်များ အများအပြား ရောင်းချလျက် ရှိရာတွင် Hass မျိုး ထောပတ်သီး သည်လည်း လူကြိုက်များလျက်ရှိသည့် သစ်သီးတစ်မျိုး ဖြစ်သည်။ ဗီတာမင်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်သည်ဟု လူသိများသည့် အသီးဖြစ်ပါသည်။ ရှမ်းပြည်နယ် (ညောင်ရွှေ၊ အောင်ပန်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) စသည့် ဒေသများမှ တင်သွင်း လာသော Hass မျိုး ထောပတ်သီးများကို ပုသိမ်မြို့ပေါ်ရှိ  ဈေးများနှင့် သစ်သီးဆိုင်တို့တွင် အဓိက ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ဈေးနှုန်းအခြေအနေအရ ယခင်က ထောပတ်သီး ၁ ကီလိုဂရမ်လျှင် (၁၂,၀၀၀) ကျပ် နှင့် ကီလိုဝက်လျှင် (၆,၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိရာမှ ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ထောပတ်သီး ၁ ကီလိုဂရမ်လျှင် (၇,၀၀၀) ကျပ် သို့ ဈေးကျဆင်းသွား ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။ ဈေးနှုန်းများ သိသိသာသာ ကျဆင်းရခြင်း အကြောင်းအရင်းမှာ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသော ထောပတ်သီး အရင်းအမြစ် များပြားလာပြီး ဈေးကွက်အတွင်း ရောင်းချမှုပမာဏ များပြားလာသောကြောင့်ဟု ရောင်းချ သူများက ဆိုပါသည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခြင်းကြောင့်လည်း ကုန်စည်အရောက်အပေါက်မြန်ဆန်ကာ ကုန်ကျစရိတ် သက်သာရာမှ ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်နိုင်ကြောင်း သိရပါသည်။ ယခုလို ဈေးနှုန်းသက်သာလာမှုသည် စားသုံးသူများအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ရောင်းအားကောင်းမွန်နေဆဲဖြစ်ပါသည်။

DOCA (ဧရာဝတီ)