
အုန်းပင်သည် ဧရာဝတီတိုင်းဒေသကြီး၏ မြစ်ဝကျွန်းပေါ်ဒေသတွင် စိုက်ပျိုးရ လွယ်ကူ သော အဓိကစိုက်ပျိုးပင် တစ်မျိုးဖြစ်ပါသည်။ ပုသိမ်မြို့နယ်နှင့် ဝန်းကျင် ကျေးရွာများတွင် အိမ်တိုင်းနီးပါး စိုက်ပျိုးထားသည်ကို တွေ့မြင်နိုင်ပြီး စီးပွားဖြစ် စိုက်ပျိုးသည့် ခြံများလည်း ရှိပါသည်။ အုန်းသီးနှင့် အုန်းထွက်ပစ္စည်းများသည် ဒေသခံတို့၏ နေ့စဉ်အစားအစာမှသည် ဘာသာရေး၊ ယဉ်ကျေးမှုအခမ်းအနားများအထိ မရှိမဖြစ် အရေးပါသော ကုန်ပစ္စည်းတစ်ခု ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ပုသိမ်မြို့ပေါ်ရှိ အဓိကဈေးကြီးများ တွင် အုန်းသီးများကို အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက် ဟူ၍ (၂)မျိုး ခွဲခြား၍ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ အုန်းသီးများသည် ပုသိမ်မြို့နယ်အတွင်းမှသာမက ကန်ကြီးထောင့်၊ ကျောင်းကုန်း ၊ ရေကြည် စသည့် အနီးတဝိုက်မြို့နယ်များမှလည်း ဝင်ရောက် လျက်ရှိပါသည်။ လက်ရှိဈေးနှုန်းများမှာ အုန်းသီး၏ အရွယ်အစားနှင့် အရည်အသွေးကို လိုက်၍ ကွာခြားမှုရှိပါသည်။ အုန်းသီးအစိမ်း (၁)လုံး ၏ ဈေးနှုန်းမှာ ကျပ် ၃၅၀၀ မှ ၅၀၀၀ အထိရှိပြီး အုန်းသီးအခြောက် (၁)လုံး ၏ ဈေးနှုန်းမှာ ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ ရှိကြောင်း သိရပါသည်။
ဈေးအတွင်းရှိ အုန်းသီးရောင်းသူ တစ်ဦး၏ ပြောပြချက်အရ အုန်းသီးအခြောက်များကို ပုသိမ်မြို့ပေါ်ရှိ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရေခဲမုန့်နှင့် အခြားမုန့်ပဲသွားရေးလုပ်ငန်းရှင် အများအပြားက နေ့စဉ်နီးပါး ဝယ်ယူကြကြောင်း သိရပါသည်။ ထို့အပြင် အုန်းသီးအစိမ်းများကိုမူ အိမ်ရှင်မများ၏ နေ့စဉ်ချက်ပြုတ်ရေးအတွက်သာမက ဘာသာရေးနှင့် မင်္ဂလာဆောင်ကိစ္စရပ်များ အတွက် ဝယ်ယူကြကြောင်း သိရပါသည်။
ပုသိမ်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် အုန်းသီးထွက်ရှိမှု ပေါကြွယ် ဝပြီး၊ ဒေသထွက် အုန်းထွက်ပစ္စည်းများများလည်း ဈေးကွက်တွင် ရောင်းချလျက်ရှိရာ အုန်းသီး ဈေးကွက်သည် တစ်နှစ်ပတ်လုံး အရောင်းအဝယ် သွက်လျက်ရှိသည့် ဈေးကွက်ကောင်းတစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)