သာပေါင်းမြို့နယ်အတွင်း ကွမ်းရွက်ဈေးနှုန်းများ မြင့်တက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ သာပေါင်းမြို့နယ်အတွင်း ကွမ်းရွက်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း သိရှိရသည်။ သာပေါင်းမြို့နယ်တွင် ကွမ်းရွက်များကို  ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ သာပေါင်းမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင်ပေါင်း (၁၂)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ (၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပို၍အစားများကြောင်း သိရှိရသည်။

     ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ် (၉,၀၀၀) မှ (၁၂,၀၀၀)အထိ၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၃၀,၀၀၀)မှ (၃၃,၀၀၀)အထိ၊ ကွမ်းသီးစိပ် (၁)ပိဿာလျှင် ကျပ်(၃၂,၀၀၀)မှ (၃၅,၀၀၀)အထိ ရှိကြောင်း သိရသည်။ အရောင်း အဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၅)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၆)ပိဿာမှ (၈)ပိဿာအထိ ပုံမှန်ရောင်းချရကြောင်း သိရသည်။ ယခင် ဩဂုတ်လ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၃,၅၀၀)မှ (၄,၅၀၀) အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

     ယခုအချိန်တွင် မိုးရွာသွန်းမှုများ၍ ကွမ်းရွက်ထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းရွက် အထွက်နှုန်းများ လျော့ကျလာသည့်အပြင် မိုးတွင်းကာလဖြစ်၍ သယ်ယူပို့ဆောင် စရိတ်များလည်း မြင့်တက်လာသည့်အတွက် ကွမ်းဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း သာပေါင်းမြို့ဈေးအတွင်းရှိ ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA (ဧရာဝတီ)